ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၊ ချာတူချတ်ခ်မြို့နယ်ရှိ ငလျင်ကြောင့် ပြိုကျခဲ့သည့် စာရင်းစစ်ရုံး အဆောက်အအုံ ဇုန် B အောက်မှ မြန်မာအမျိုးသမီးအလုပ်သမား၏ ရွှေဆွဲကြိုးများနှင့် လက်စွပ်များ ပြန်လည်ရရှိခဲ့ကြောင်း Ruamkatanyu ကယ်ဆယ်ရေးဖောင်ဒေးရှင်းမှသိရသည်။
ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး လုပ်သားများသည် ပြိုကျခဲ့သည့် စာရင်းစစ်ရုံး ဇုန် B အဆောက်အအုံမှ အပျက်အစီးများကို ရှင်းလင်းနေစဉ် ရွှေထည်များကို မေလ ၉ ရက်နေ့တွင်တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ထံ ပျောက်ဆုံးသွားသော ပစ္စည်းများကို အပ်နှံခဲ့သည်။
ပြန်လည်ရရှိသော ပစ္စည်းများတွင် ရွှေလက်စွပ် ၄ ကွင်း၊ ဆွဲကြိုး ၁ ကုံး၊ လက်ကောက် ၁ ကွင်း၊ ပုလဲဆွဲသီး ၁ ခု၊ နှင့် ရွှေငါးဆွဲသီး ၁ ခု တို့ပါဝင်ပြီး စုစုပေါင်း တန်ဖိုးသည် ဘတ် ၅ဝ,ဝဝဝ ခန့် ရှိကြောင်းသိရသည်။
SA Construction 2008 ကုမ္ပဏီမှ အသက် ၃၃ နှစ်အရွယ် မြန်မာ အလုပ်သမား မြသော်တာသည် အသက် ၃၁ နှစ်အရွယ် သူမ၏ ခင်ပွန်းသည်နှင့်အတူ ရွှေဆွဲကြိုးများနှင့် လက်စွပ်များကို ရဲတပ်ဖွဲ့ထံမှ မေလ ၉ ရက်နေ့တွင် ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
မြန်မာ အလုပ်သမား မြသော်တာသည် ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် စာရင်းစစ်ရုံး အဆောက်အအုံတွင် ဓာတ်လှေခါးမောင်းသူအဖြစ် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။
ငလျင်လှုပ်ချိန်တွင် ပထမထပ်တွင် ရှိနေခဲ့ပြီး ပိုင်ဆိုင်မှုများ မယူဆောင်နိုင်ပဲ အဆောက်အအုံမှချက်ခြင်း ပြေးထွက်ခဲ့ကြောင်း သိရသည်။
သူမသည် ဧပြီလ ၁၀ ရက်နေ့တွင် ဘန်ဆူး ရဲစခန်းသို့ ပျောက်ဆုံးသွားသော ရွှေထည်များအား ဓာတ်ပုံ အထောက်အထားများဖြင့် တိုင်ကြားခဲ့ကြောင်း သိရသည်။
“ ပြန်ရမယ်လို့ မထင်ခဲ့ဘူး၊ ကယ်ဆယ်ရေးသမားတွေကို ကူညီရှာဖွေဖို့ မေးမြန်းခဲ့ပါတယ်၊ ကျွန်မ ကိုယ်တိုင်လည်း ဝယ်ယူစုဆောင်းထားခဲ့တဲ့ ရွှေဖြစ်လို့ ငိုယိုရင်း အပျက်အစီးထဲမှာ တူးဆွရှာဖွေခဲ့ပါတယ်၊ ရဲတပ်ဖွဲ့က ကျွန်မရှာနေတဲ့ ရွှေကို တွေ့ရှိပြီလို့ ဆက်သွယ်လာတဲ့အခါ အလွန် ဝမ်းသာမိပါတယ်” ဟု မြသော်တာက ပြောကြားသည်။
ပြိုကျသွားသော နိုင်ငံတော် စာရင်းစစ်ရုံး အဆောက်အအုံ အောက်မှ အပျက်အစီးများ ဖယ်ရှားခြင်းနှင့် ပျောက်ဆုံးနေသူများအား ရှာဖွေခြင်းကို မတ်လ ၂၈ ရက်နေ့မှ မေလ ၁ဝ ရက်နေ့အထိ ထိုင်းကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်လုပ်ဆောင်နေကြသည်။
စာရင်းစစ်ရုံးအဆောက်အအုံ အောက်မှ မေလ ၉ ရက်နေ့ထိ သေဆုံးသူ ၈၉ ဦး၏ရုပ်အလောင်းများရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၉ ဦး၊ နှင့် ပျောက်ဆုံးနေဆဲ လူ ၇ ဦး ရှိကြောင်း ထိုင်းကယ်ဆယ်ရေးအဖွဲ့များ၏ စာရင်းအရ သိရသည်။
သတင်း – Migrant Times
ကိုးကား၊ဓာတ်ပုံ – Khaosod