Site icon Migrant Times

ချင်းမိုင်ရှိ အလုပ်ရုံတွင် မြန်မာ ၃ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ရှိ အလုပ်ရုံတစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးအား တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုဖြင့် မေလ ၂၆ ရက်နေ့၌ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မြန်မာနိုင်ငံသား ၃ ဦးသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ကာ ချင်းမိုင်မြို့တွင် ၂ ရက်ကြာ အလုပ်လုပ်ကိုင်နေချိန်တွင် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

ချင်းမိုင်မြို့နယ် ၊ ဆန်ဆိုင်းရှိ အလုပ်ရုံနှင့်လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေး စုံစမ်းစစ်ဆေးရေး အရာရှိများက စစ်ဆေးစဉ်အတွင်းဖမ်းမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ သုံးဦးသည် နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး ချင်းမိုင်တွင် အလုပ်ရှာဖွေခဲ့ကြောင်း ၊ တစ်ရက်လျှင် ဘတ် ၃ဝဝ ဖြင့် စက်ရုံတစ်ခုတွင် နှစ်ရက်ကြာ အလုပ်လုပ်ကိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံဝန်ခံခဲ့ကြသည်။

မြန်မာနိုင်ငံသား ၃ ဦးအား “ တရားမဝင် နိုင်ငံတွင်းသို့ ဝင်ရောက်နေထိုင်ခြင်း” နှင့် “ အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း” စသည့် စွဲချက်များဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

Migrant Times ၏သတင်းစုစည်းမှုအရ ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့တွင် ချင်းမိုင်မြို့လယ်ရှိ တရုတ်စားသောက်ဆိုင်၌ တရားမဝင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား ၇ ဦးကို ချင်းမိုင် ခရီးသွားရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

မေလ ၁ ရက်နေ့၊ နံနက်တွင် ချင်းမိုင်မြို့၌ မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးအား အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေကြောင်းတွေ့ရှိပြီး ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနကဖမ်းဆီးခဲ့သည်။

အလားတူ မေလ ၂ ရက်နေ့တွင်လည်း ချင်းမိုင်မြို့နယ်၊ချင်းဖူရပ်ကွက်တွင် မြန်မာနိုင်ငံသား အလုပ်ရှင်တစ်ဦးနှင့်မြန်မာအလုပ်သမား၅ ဦးအား အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းဖြင့်ဖမ်းဆီးခဲ့ သည်။

ထို့ပြင် မေလ ၁၆ ရက်နေ့ကလည်း ချင်းမိုင်မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်ခွင့် ပါမစ် မရှိဘဲလုပ်ကိုင်နေသည့် မြန်မာလုပ်သား ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။

News – Migrant Times

Photo – ချင်းမိုင်လူဝင်မှုကြီးကြပ်ရေး

Exit mobile version