Site icon Migrant Times

ထိုင်းတောင်ပိုင်း ဆူရင်ကျွန်းတွင် မြန်မာကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်

ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖန်ငခရိုင် ဆူရင်ကျွန်းအမျိုးသားဥယျာဉ်အနီးတွင် မြန်မာကုန်တင်သင်္ဘောတစ်စီးသည် သောင်တင်နစ်မြုပ်ခဲ့ပြီး ထိုင်းရေတပ်မှ ကူညီကယ်ဆယ်ခဲ့ကြောင်း ထိုင်းသတင်းတွင်ဇွန်လ ၂ ရက်၌ တွင်ဖော်ပြသည်။

ယမန်နေ့ ဇွန်လ ၁ ရက်နေ့၊ နံနက် ၁၀ နာရီတွင် မြန်မာအလံလွှင့်ထူထားသော ဧရာလင်း ကုန်တင်သင်္ဘော သည် ဆူရင်အမျိုးသားဥယျာဉ်မြောက်ဘက်ရှိ အော့ချပ်ပင်လယ်အော်အနီးတွင် သောင်တင်နစ်မြုပ်ခဲ့သည်။

အဆိုပါသင်္ဘောသည် ရနောင်းပြည်နယ်၊ ကိုမောက်ဆိပ်ကမ်းမှ မေလ ၂၉ ရက်နေ့တွင် တရားဝင်ထွက်ခွာခဲ့ကြောင်း၊ မြန်မာနိုင်ငံ၊ ကော့သောင်းသို့ထွက်ခွာခဲ့ပြီး ထို့နောက် မြိတ်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ သင်္ဘော၏ ဝမ်းဗိုက်တွင် အပေါက်တစ်ပေါက်ကို တွေ့ရှိရသဖြင့် အနီးဆုံးကမ်းခြေသို့ ဦးတည်မောင်းနှင်ခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

ထို့နောက် ဆူရင်ကျွန်းအမျိုးသားဥယျာဉ်မြောက်ဘက်ရှိ အော့ချပ်ပင်လယ်အော်တွင် သင်္ဘောသောင်တင်နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းရေတပ်တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ရန်နှင့် သင်္ဘောနှင့် သင်္ဘောသားများအား ကူညီကယ်ဆယ်ခဲ့သည်။

ဇွန်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ထိုသင်္ဘောသည် ဖြည်းဖြည်းချင်း နစ်မြုပ်သွားခဲ့ရာ ကုန်ပစ္စည်းအချို့သည် ရေစီးနှင့်အတူ မျောပါသွားခဲ့ပြီး ကုန်ပစ္စည်းအချို့မှာ သင်္ဘောနှင့်အတူ နစ်မြုပ်ခဲ့သည်။

ဖန်ငပြည်နယ် ဆိပ်ကမ်းလုံခြုံရေးထိန်းချုပ်ရေးဗဟိုဌာနက မြန်မာသင်္ဘောသား ၇ ဦးလုံးကို ကယ်ဆယ်ကာ ဖန်င ရေတပ်စခန်းဆိပ်ခံတံတားသို့ ပို့ဆောင်ခဲ့သည်။

စစ်ဆေးမှုများအရ သင်္ဘော၏ စာရွက်စာတမ်းများ၊ သင်္ဘောသားစာရင်း၊ ထွက်ခွာခွင့်ပြုချက်၊ ထွက်ကုန်ပစ္စည်းကြေညာလွှာနှင့် ထွက်ကုန်ပစ္စည်းစာရင်းအားလုံးကို အကောက်ခွန်မှန်ကန်စွာ ဆောင်ရွက်ထားကြောင်း အတည်ပြုခဲ့သည်။

အရာရှိများ၏ စစ်ဆေးမှုများအရ အဆိုပါနေရာတွင် ဆီယိုစိမ့်မှု မတွေ့ရှိရသော်လည်း ထပ်မံစစ်ဆေးရန် တာဝန်ရှိသူများကို စေလွှတ်သွားမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

ဆူရင်ကျွန်းအမျိုးသားဥယျာဉ်ဧရိယာနှင့် သန္တာကျောက်တန်းများ ပတ်ဝန်းကျင်ထိခိုက်မှုနှင့်ပတ်သက်၍ အမျိုးသားဥယျာဉ်မှ ဧရာလင်း ကုန်တင်သင်္ဘောပေါ်မှ သင်္ဘောသား ၇ ဦးကို စွဲချက်တင်ရန် ပြင်ဆင်နေပြီး ခူရာဘူရီရဲစခန်းသို့ ပေးပို့ထားကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

News – Migrant Times

Ref/Photo – amarintv

Exit mobile version