Migrant Times Blog သတင်း မဲဆောက် မြန်မာလက်ဖက်ရည်ဆိုင်တွင် မြန်မာ ၄ ဦးနှင့်ထိုင်း ၁ ဦး ဖမ်းဆီးခံရ
သတင်း

မဲဆောက် မြန်မာလက်ဖက်ရည်ဆိုင်တွင် မြန်မာ ၄ ဦးနှင့်ထိုင်း ၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့တွင်ဖွင့်လှစ်ထားသည့် မြန်မာလက်ဖက်ရည်ဆိုင်တွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် မြန်မာ ၃ ဦးနှင့် အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေသည့် မြန်မာတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးမှ ယနေ့(ဇွန် ၂၄)ထုတ်ပြန်သည်။
ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ နံနက် ၁ဝ နာရီခွဲခန့်တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရေးဌာန နှင့်အလုပ်အကိုင်ရှာဖွေရေးရုံးတာဝန်ရှိသူများသည် မဲဆောက်မြို့၊ ချစ်လုံလမ်းရှိ တမာတော(၂) လက်ဖက်ရည်နှင့်စားသောက်ဆိုင်ကို စစ်ဆေးခဲ့ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်ဆေးမှုအတွင်း ထိုင်းနိုင်ငံသူ မစ္စ မုဒ်ဒါကို အလုပ်လုပ်ခွင့်ပါမစ်မရှိသည့် နိုင်ငံခြားသားကို အလုပ်ခန့်ထားခြင်း ဖြင့်ဖမ်းဆီးခဲ့ကြောင်း ၊ ၎င်းဆိုင်တွင် အသက် ၃၉ နှစ်အရွယ် မြန်မာနိုင်ငံသား တစ်ဦးကို အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်ခြင်းဖြင့်ဖမ်းဆီးခဲ့ကြောင်း ၊ ထို့ပြင် မြန်မာနိုင်ငံသား ၃ ဦးကို တရားမဝင် ဝင်ရောက်နေထိုင်ခြင်းတွေ့ရှိခဲ့သည့်အတွက် ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးမှ ထုတ်ပြန်သည်။
၎င်းတို့ကို ဥပဒေအရ အရေးယူနိုင်ရန် မဲဆောက်ရဲစခန်းသို့ လွှဲပြဲင်းပေးထားကြောင်း သိရသည်။
မဲဆောက်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား များနှင့် ဆံပင်ညှပ်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ကုန်စုံဆိုင်များအပါအဝင် ဆိုင်ပေါင်း ၁၀၀ ကျော်တွင် အလုပ်လုပ်ကိုင်နေသူများကိုစစ်ဆေး အရေးယူခဲ့ကြောင်း ထိုင်းအစိုးရ CCTV ထိန်းချုပ်ရေးဌာနကလည်း ဇွန်လ ၂ဝ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးဌာနထုတ်ပြန်ချက်အရ မဲဆောက်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား ၁၈ ဦးကို ဇွန်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
မဲဆောက်မြို့နယ်တွင် E-Bike များဖမ်းဆီးခြင်း၊ သုံးဘီးဆိုင်ကယ်မောင်းနှင်သူများအား ဖမ်းဆီးနေခြင်းများအပြင် စျေးဆိုင်များပါ စစ်ဆေးဖမ်းဆီးနေခြင်းကြောင့် သတိထားနေထိုင်သွားလာကြရန်မဲဆောက်မြို့နေ မြန်မာအချို့က လူမှုကွန်ရက်တွင် ရေးသားထားသည်။
Photo – Tak Immigration
Exit mobile version