Migrant Times Blog သတင်း ရနောင်းမြို့တွင် အသက် ၁၇ နှစ်အရွယ် မြန်မာအမျိုးသမီး အဓမ္မပြုကျင့်ခံရ
သတင်း

ရနောင်းမြို့တွင် အသက် ၁၇ နှစ်အရွယ် မြန်မာအမျိုးသမီး အဓမ္မပြုကျင့်ခံရ

◼ အဓမ္မပြုကျင့်သည့် မြန်မာကို ရနောင်းရဲတပ်ဖွဲ့ဖမ်းဆီးထား

ဩဂုတ် ၃ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ရနောင်းမြို့တွင် အသက် ၁၇ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး ဓားဒဏ်ရာ များစွာ‌ဖြင့် ရနောင်းဆေးရုံကြီးကို ရောက်ရှိနေကြောင်း ကူညီပေးသူတစ်ဦးထံမှသိရသည်။
အသက် ၁၇ နှစ်အရွယ် အမျိုးသမီးသည် ရနောင်းမြို့ပေါက်ခေါင်းစီအိုင်ရုံးအနီး၌ အဓမ္မပြုကျင့်ခံရပြီး ဓားဒါဏ်ရာပေါင်းများစွာ‌ဖြင့် ရနောင်းဆေးရုံကြီးကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးသည် သူမ၏မိခင်ဖြင့် ဧရာဝတီတိုင်း၊မြောင်းမြမြို့မှ ပြီးခဲ့သည့် ၃ နှစ်ခန့်မှစကာ ရနောင်းမြို့သို့ရောက်ရှိနေထိုင်သူဖြစ်ကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး မိသားစုဝင်များနှင့်တိုင်ပင်ကာ အမှုဖွင့်လှစ်ရန်ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီး၏ မိခင်က Migrant Times ကိုယနေ့(ဩဂုတ် ၃)ပြောကြားသည်။

“ဖြစ်ချင်တာတော့ အမေကြီးသမီးလေး ဒီရောဂါတွေ အမြန်ကောင်းဖို့ပဲ၊ အဲဒီဥစ္စာတွေ သမီးလေးခံစားနေရတာတွေ ခံရအောင် အမေကြီးဖြစ်ချင်တယ်”ဟု မြန်မာအမျိုးသမီး၏ မိခင်က ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED)မှ တာဝန်ရှိသူကလည်း အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးကို ဥပဒေအရ လိုအပ်သည့် ကူညီမှုများပေးမည်ဖြစ်ကြောင်း Migrant Times ကိုပြောသည်။ ရနောင်းရဲတပ်ဖွဲ့က လူမှုကွန်ရက်တွင် ပျံ့နှံ့နေသောဖြစ်စဉ်သည် ပြီးခဲ့သည့်ဇူလိုင်လ ၃၁ ရက်၊နံနက် ၃ နာရီတွင် ပက်နမ်ရဲစခန်းနယ်မြေ၌ ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်မှုနှင့် လူသတ်ရန် ကြိုးပမ်းမှု ဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည်။

အဓမ္မပြုကျင့်မှုကျူးလွန်သူ အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသားကို ဖမ်းဆီးထားပြီး သြဂုတ်လ ၁ ရက်နေ့မှစကာ တရားခံကို ဥပဒေအရ အရေးယူရန် လုပ်ဆောင်နေကြောင်း ရနောင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ – မြန်မာအမျိုးသမီးနှင့်သူမ၏မိခင်ကို ရနောင်းဆေးရုံတွင်တွေ့ရစဉ်။
Photo – Swe Myo Tun/ FB
ဓာတ်ပုံ(၂) ရနောင်းရဲတပ်ဖွဲ့ကဖမ်းဆီးထားသည့် ကျူးလွန်သူ။
Photo – ranongpolice

Exit mobile version