Migrant Times Blog သတင်း ချွန်ဘူရီတွင် ကမ္ဘောဒီးယားလုပ်သားများပြန်သွားပြီးနောက် အလုပ်သမားများရှာဖွေနေ
သတင်း

ချွန်ဘူရီတွင် ကမ္ဘောဒီးယားလုပ်သားများပြန်သွားပြီးနောက် အလုပ်သမားများရှာဖွေနေ

ထိုင်းနိုင်ငံ ၊ ချွန်ဘူရီပြည်နယ်တွင် ကမ္ဘောဒီးယားအလုပ်သမား ၆,ဝဝဝ ကျော်သည် မှုရင်းနိုင်ငံသို့ ပြန်သွားကြသည့်အတွက် လုပ်ငန်းရှင်များက အခြားနိုင်ငံမှ အလုပ်သမားများကို အစားထိုးရန် ရှာဖွေနေကြသည်။

ယနေ့( သြဂုတ်လ ၇ ရက်) တွင် ချွန်ဘူရီပြည်နယ် အလုပ်သမားရေးရာ ညွှန်ကြားရေးမှူး ချာလွမ်ဖွန် နီက အလုပ်ရှင်များနှင့်တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဒေသ စစ်ရေးပဋိပက္ခများကြောင့် နေ့စဉ်လူနေမှုဘဝနှင့် အလုပ်အကိုင်များတွင် ထိခိုက်မှုများ ကြုံတွေ့နေရသည်ဟု ပြောကြားခဲ့ကြောင်း ရေဒီယိုချွန်သတင်းကဖော်ပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်မှစ၍ လက်ရှိအချိန်အထိ ချွန်ဘူရီတွင် ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားများကို အလုပ်ခန့်ထားသည့် လုပ်ငန်း ၄,၇၂၂ ခုရှိပြီး ကမ္ဘောဒီးယားအလုပ်သမား ၇၆,၈၃၉ ဦးရှိသည်။

ချွန်ဘူရီပြည်နယ်ရှိ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ဌာနများသည် လုပ်ငန်း ၁၅၆ ခုကို သွားရောက်စစ်ဆေးခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမား ၂၀,၉၉၆ ဦးရှိသည်။

ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမား ၆,၆၇၉ ဦးသည် အလုပ်မှ ထွက်ခြင်းနှင့် ခွင့်ယူပြီး ၎င်းတို့၏ နိုင်ငံသို့ ပြန်သွားကြသည်ဟု အစီရင်ခံစာများအရ သိရသည်။ ယင်းအခြေအနေကြောင့် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စက်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းကဏ္ဍများတွင် အလုပ်သမားရှားပါးမှု ဖြစ်ပေါ်စေခဲ့သည်။

လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာနသည် ကမ္ဘောဒီးယားအလုပ်သမားများနေရာတွင် အစားထိုးရန် အခြားနိုင်ငံများနှင့် အလုပ်သမားအသစ်များရရှိရန် ဆွေးနွေးလျက်ရှိသည်။

ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များသည် ချွန်ဘူရီ အလုပ်အကိုင်ရုံးသို့ အကူအညီတောင်းခံနေပြီး ၎င်းတို့၏ လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် ကမ္ဘောဒီးယားအလုပ်သမားများနေရာတွင် အခြားနိုင်ငံသားများအား အစားထိုးရန် ရှာဖွေနေကြသည်။

ထိုင်းနိုင်ငံတွင် တရားဝင်ရွှေ့ပြောင်းနေထိုင်သူ ကမ္ဘောဒီးယား အလုပ်သမား ၅ဝဝ,ဝဝဝ ခန့်ရှိပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများပါဝင်ပါက စုစုပေါင်း ၁ သန်းမှ ၁.၂ သန်းကြားရှိမည်ဟု ခန့်မှန်းထားသည်။

ယခုနှစ် ဇူလိူင်လနှောင်းပိုင်းတွင် ထိုင်းနိုင်ငံအတွင်း မလုံခြုံမှုများ ရှိနေသည့် ကောလာဟလ များကြောင့် ကမ္ဘောဒီးယား အလုပ်သမား ၄ဝဝ,ဝဝဝ ခန့် အိမ်ပြန်သွားကြသည်။

ကမ္ဘောဒီးယားအလုပ်သမား စုစုပေါင်း၏ ၇ဝ – ၈ဝ ရာခိုင်နူန်း ရှိသည့် နယ်စပ်ပြည်နယ်များဖြစ်သည့် ချထဘူရီ၊ ထရက်နှင့် စူရင်ပြည်နယ် တို့တွင် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အစားအသောက် လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းအများအပြားသည် ထုတ်လုပ်မှုကို နှေးကွေးစေခဲ့ကြောင်း ထိုင်းသတင်းများကဖော်ပြသည်။

ထိုင်းနိုင်ငံ ၊ ဆမွတ်ဆာခွန်ခရိုင်တွင်လည်းပြီးခဲ့သည့် ဇူလိူင်လ ၃၁ ရက်နေ့တွင် အလုပ်သမားဌာနတာဝန်ရှိသူများသည် စက်မှုဇုန် အလုပ်ရှင်များနှင့်တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယား သို့ပြန်သွားကြသည့် အလုပ်သမားများနေရာတွင် မြန်မာလုပ်သားများ အစားထိုးခန့်ရန် ဆွေးနွေးခဲ့ကြကြောင်း ထိုင်း naewna သတင်းတွင်ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယားအလုပ်သမားများနေရာတွင် မြန်မာအလုပ်သမားများအား အစားထိုးခန့်ရန် စက်ရုံအချို့က ပြင်ဆင်နေကြပြီး မြန်မာအလုပ်သမားများအနေဖြင့် စာရွက်စာတမ်းအထောက်အထားများ ကြိုတင်စစ်ဆေးကာ ပြင်ဆင်ထားသင့်ကြောင်း မြန်မာအလုပ်သမားအရေး ကူညီသူတစ်ဦးက Migrant Times ကိုပြောသည်။

Photo – ထိုင်းနိုင်ငံ၊ ဘန်လမ်နယ်စပ်ဂိတ်မှ ဩဂုတ်လဆန်းတွင် ထွက်ခွာသွားကြသည့် ကမ္ဘောဒီးယားအလုပ်သမားများ။

Exit mobile version