Migrant Times Blog သတင်း ထိုင်းမြောက်ပိုင်းတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာ ၁၈ ဦးဖမ်းဆီးခံရ
သတင်း

ထိုင်းမြောက်ပိုင်းတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာ ၁၈ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၁၉ ၊ Migrant Times ။

ထိုင်းနိုင်ငံမြောက်ပိုင်း လမ်ပန်း-လမ်ဖွန်အမြန်လမ်းမပေါ်တွင် တရားမဝင်ဝင်ရောက်သည် မြန်မာနိုင်ငံသား ၁၈ ဦးနှင့် ၎င်းတို့ကို ခေါ်ဆောင်လာသည့် ဘတ်စ်ကားဒရိုင်ဘာနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းမိခဲ့ကြောင်း အမြန်လမ်းမရဲတပ်ဖွဲ့က ယနေ့(စက်တင်ဘာ ၁၉)ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ အမြန်လမ်းမရဲတပ်ဖွဲ့သည် လမ်ဖွန်၊ မဲတာခရိုင်ရှိ အဝေးပြေးလမ်းပေါ်တွင် ဘန်ကောက်-ဘန်သာတုံ ခရီးသည်တင်ဘတ်စ်ကားတစ်စီးကို စစ်ဆေးစဉ်အတွင်း အသက် ၄၆ နှစ်အရွယ် ယာဉ်မောင်းနှင့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ကားပေါ်တွင် ပတ်ပို့စ်နှင့် သက်သေခံစာရွက်စာတမ်းမပါရှိသော မြန်မာနိုင်ငံသား ခရီးသည် ၁၈ ဦးကို တွေ့ရှိခဲ့သည်။

အဆိုပါမြန်မာနိုင်ငံသား များသည် ဘန်ကောက်တွင် အလုပ်လုပ်ရန် ပွဲစားတစ်ဦးမှတစ်ဆင့် ဆက်သွယ်ခဲ့ကြပြီး တစ်ဦးလျှင် ဘတ်ငွေ ၁၅,၀၀၀ ပေးခဲ့ရကာ ချင်းမိုင်မြို့ အာခိတ်ကားဝန်းမှ ဘတ်စ်ကားစီးလာခဲ့ကြောင်း သိရသည်။ ယာဉ်မောင်း၊ အမျိုးသမီးနှင့် မြန်မာနိုင်ငံသား ၁၈ ဦးကို မဲတာရဲစခန်းသို့ ဥပဒေအရ အရေးယူရန် လွှဲပြောင်းပေးခဲ့ကြောင်း အမြန်လမ်းမရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ တွင်ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသို့နယ်စပ်များမှ တရားမဝင်ဝင်ရောက်သည့် မြန်မာများဖမ်းဆီးခံနေရပြီး စက်တင်ဘာလ ၁၆ ရက်နေ့မနက်ကလည်း ကန်ချနဘူရီပြည်နယ်၊ သောင်ဖာဖုမ်မြို့နယ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁၃ ဦးအား ဖမ်းမိခဲ့ကြောင်း ထိုင်းစစ်တပ်ကထုတ်ပြန်သည်။

အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့တစ်ရက်တည်းတွင် ကန်ချနဘူရီပြည်နယ်၊ သောင်ဖာဖုမ်မြို့နယ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၅၃ ဦးကို ကားများပေါ်၌ အုပ်ချုပ်ရေး ပူးပေါင်းအဖွဲ့ကဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၉ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။ Migrant Times ကလေ့လာထားသည့်အချက်များအရ ယခု စက်တင်ဘာလ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၅ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။

ဓာတ်ပုံ – highway police

#Migranttime

#ထိုင်း

#မြန်မာ

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

Exit mobile version