🟥အောက်တိုဘာလကုန်အထိ မြန်မာသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၁ သောင်းကျော်ရှိ
အောက်တိုဘာ ၂၈ ၊ Migrant Times ။
မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်မှ တရားမဝင် ဝင်ရောက်သည့် ပြည်ပနိုင်ငံသား ၁၅၅ ဦးအား ထပ်မံဖမ်းဆီးနိုင်ခဲ့သည်ဟု စစ်ကောင်စီ ပြန်ကြားရေးကထုတ်ပြန်သည်။
၎င်းတို့သည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြကြောင်း ဖော်ပြသည်။
ထပ်မံဖမ်းဆီးနိုင်ခဲ့သူများတွင် အိန္ဒိယနိုင်ငံသား ၁၀၄ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂၄ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၂၇ ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၁၅၅ ဦးဖြစ်ကြောင်း ၊ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို အမြန်ဆုံးပြန်လည်လွှဲပြောင်းရန် ကိုယ်ရေးအချက်အလက်များစစ်ဆေးနေကြောင်း ထုတ်ပြန်သည်။
ယခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ အောက်တိုဘာလ ၂၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၁၀,၁၁၉ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတိုအနက်မှ ၉,၃၃၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းထားကြောင်း ထုတ်ပြန်သည်။
ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၇၈၀ ဦးကို လွှဲပြောင်းရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းလည်းဖော်ပြသည်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် တဖက်ကမ်း မြ၀တီမြို့နယ် “KK Park” ဝင်းအတွင်းရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို စစ်တပ်ကဖမ်းဆီးနေသည့်အတွက် ၎င်းလုပ်ငန်းများက နိုင်ငံခြားသားများ သောင်ရင်းမြစ်ကူးကာ ထွက်ပြေးခဲ့ကြကြောင်း ထိုင်းသတင်းများက ပြီးခဲ့သည့်ရက်ပိုင်းများတွင်ဖော်ပြသည်။
မဲဆောက်မြို့နယ်ဘက်ခြမ်းသို့ ထွက်ပြေးလာသည့် နိုင်ငံခြားသား ၁ဝဝဝ ကျော်ကိုထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားပြီး ယာယီစခန်းများတွင် ထားရှိထားကြောင်း ထိုင်းသတင်းများကဖော်ပြသည်။
အောက်တိုဘာလ ၂၆ရက်နေ့၊ ညနေက KK Park နယ်မြေတွင် ပေါက်ကွဲသံများကြားရပြီး ပေါက်ကွဲမှုမှ လွင့်စင်လာသည့် ကျောက်စရစ်ခဲ အချို့သည် ထိုင်းဘက်ခြမ်းရှိ အိမ်တစ်လုံး၏ ခေါင်မိုးများကို ထိမှန်ခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြခဲ့သည်။
Photo – MGR
မဲဆောက်မြို့နယ်ဘက်ခြမ်းတွင်ရောက်ရှိနေသည့် KK Park မှထွက်ပြေးလာသူများအား
အောက်တိုဘာလ ၂၃ ရက်တွင်တွေ့ရစဉ်။

