Migrant Times Blog သတင်း “ ဘတ်” မကြာမီပြန်ဖွင့်မည် 🟥တရားဝင်ထုတ်ပြန်ချက် စောင့်ကြည့်ရန် အသိပေးထား
သတင်း အလုပ်သမား သတင်း

“ ဘတ်” မကြာမီပြန်ဖွင့်မည် 🟥တရားဝင်ထုတ်ပြန်ချက် စောင့်ကြည့်ရန် အသိပေးထား

MT
နိုဝင်ဘာ ၁၂ ၊ Migrant Times ။

ထိုင်းနိုင်ငံတွင် အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် မြန်မာ၊ ဗီယက်နမ်နှင့်လာအို နိုင်ငံသား လုပ်သားများ၏ အလုပ်လုပ်ခွင့် သက်တမ်းများကို အလျင်အမြန် တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနဝန်ကြီး မစ္စထရီနွတ်ချ်က ပြောကြားသည်။

ယမန်နေ့(နိုဝင်ဘာ ၁၁ ရက်)က ကျင်းပခဲ့သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာနမှ တင်ပြသော တရားမဝင် နိုင်ငံခြားသားအလုပ်သမားများအား သက်တမ်းတိုးပေးရန် ကိစ္စရပ်နှင့် အရေးကြီးသော အစီအမံများကို အစိုးရအဖွဲ့က သဘောတူညီခဲ့ကြောင်း မစ္စထရီနွတ်ချ်က ပြောကြားသည်။

မစ္စထရီနွတ်ချ်က အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် ယမန်နေ့ညနေက အလုပ်သမားဝန်ကြီးဌာနတွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ သူမအဆိုအရ ထိုင်းနိုင်ငံတွင်းရှိသက်တမ်းကုန်ဆုံးသွားသော လာအို၊ မြန်မာ၊ ဗီယက်နမ် နိုင်ငံသားများနှင့် ကြေညာချက်မထုတ်မှီ တရားမဝင် ဝင်ရောက်လာပြီး အလုပ်လုပ်လိုသော လာအိုနှင့် မြန်မာနိုင်ငံသားများကို ယာယီနေထိုင်ပြီး တစ်နှစ် အလုပ်လုပ်ကိုင်ခွင့် ပေးမည်ဖြစ်သည်။

သို့သော် တရားဝင် အခြေအနေမရှိသော မြန်မာ၊လာအို နှင့် ဗီယက်နမ် နိုင်ငံသားများသည် ကိုယ်ရေးအချက်အလက် မှတ်တမ်းတင်ခြင်း (Biometrics) ဘတ်စာရင်းသွင်းခြင်းကို ပြုလုပ်ရမည်ဖြစ်ပြီး ၎င်းတို့သည်မူရင်းနိုင်ငံမှ အသိအမှတ်ပြုလက်မှတ်ကိုလည်း ပြုလုပ်ရမည်ဖြစ်ကြောင်း မစ္စထရီနွတ်ချ်ကပြောကြားသည်။

အသက် ၁၈ နှစ်အောက် အလုပ်သမား၏ မိသားစုဝင် အနေဖြင့် သတ်မှတ်ထားသော စံနှုန်းများအတိုင်း ကျန်းမာရေးစစ်ဆေးမှုများကို အလုပ်အကိုင်ရှာဖွေရေး ဦးစီးဌာနနှင့် ချိတ်ဆက်ထားသော ဆေးရုံ/ဆေးခန်းတွင် ကျန်းမာရေးအာမခံ ပြုလုပ်ရမည်ဖြစ်သည်။

ကိုယ်ရေးအချက်အလက် မှတ်တမ်းတင်ခြင်း (ဘတ်စာရင်းသွင်းခြင်း) လုပ်ဆောင်မှုများပြုလုပ်ရမည့်ရက်များကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်မည်ဖြစ်ကြောင်း အသိပေးထားသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ ၊ နေထိုင်ခွင့်ကုန်ဆုံးနေသူများကို ဘတ်ခေါ် နေထိုင်လုပ်ကိုင်ခွင့် (Work Permit) ပန်းရောင်ကတ် လုပ်ပေးသည့်လုပ်ငန်းစဉ်ကို ယခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့၌ စတင်ဆောင်ရွက်မည်ဟု အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ပြီး နောက်တရက် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထိုင်းနယ်စပ် အခြေအနေ မတည်ငြိမ်မှုကြောင့်ဟုဆိုကာ ယာယီရပ်ဆိုင်းခဲ့သည်။

နိုဝင်ဘာလ ၁ဝ ရက်နေ့၊ နံနက်တွင် ထိုင်း- ကမ္ဘောဒီးယားနယ်စပ်၌ ထိုင်းစစ်သားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ကိုပြင်းထန်စွာထိခိုက်ခဲ့သည်။ ထိုနေ့ မဲဆောက်မြို့ရောက်နေသည့် ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီရကူလ်က ထိုင်းနိုင်ငံ၌ နေထိုင်ခွင့် သက်တမ်းကုန်ဆုံးနေသည့် ကမ္ဘောဒီးယား အလုပ်သမားများ ဆက်လက်နေထိုင်ခွင့်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးမည်ဖြစ်ကြောင်း သတင်းထောက်များနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

၎င်းနောက် ထိုင်း-ကမ္ဘောဒီးယားအကြား အောက်တိုဘာလ ၂၆ ရက်တွင် မလေးရှားနိုင်ငံ၊ အာဆီယံထိပ်သီးအစည်းအဝေး၌ ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုလည်း ဆိုင်းငံ့လိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင်က ကြောညာခဲ့သည်။

အလုပ်သမားဝန်ကြီးဌာနစာရင်းအရ ထိုင်းနိုင်ငံရှိ ကမ္ဘောဒီးယားလုပ်သား စုစုပေါင်းအရေအတွက်မှာ ၁ဝဝ,ဝဝဝ နီးပါးရှိပြီး ထိုအထဲမှ ၉ဝ,ဝဝဝ ခန့်မှာ တရားဝင်ဖြစ်သော်လည်း နေထိုင်လုပ်ကိုင်ခွင့်သက်တမ်းကုန်နေပြီ ဖြစ်သည်။ ထို့အပြင် နယ်စပ်ဂိတ်များပိတ်ထားခြင်းကြောင့် ကမ္ဘောဒီးယားလုပ်သားများသည် ၎င်းတို့၏ နိုင်ငံသို့ ပြန်နိုင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံတွင် ဆက်လက်ရှိနေသည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေများအရ ထိုင်းအတွင်းရှိ နေထိုင်လုပ်ကိုင်ခွင့်သက်တမ်းကုန်နေသည့် ကမ္ဘောဒီးယားလုပ်သား ၉ဝ,ဝဝဝ ခန့်သည် သက်တမ်းတိုးခွင့်မရဘဲ နေရပ်ပြန်ရန်နီးစပ်နေသည်။ လစ်လှပ်သွားသည့် မ္ဘောဒီးယားလုပ်သားများနေရာတွင် မြန်မာ၊ ဗီယက်နမ်နှင့်လာအို နိုင်ငံသား လုပ်သားများကို အမြန်အစားထိုးရန် အလုပ်သမားဝန်ကြီးဌာနကစီစဉ်နေခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနက တရားဝင် အခြေအနေမရှိသော မြန်မာ၊လာအို နှင့် ဗီယက်နမ် နိုင်ငံသားများသည် ကိုယ်ရေးအချက်အလက် မှတ်တမ်းတင်ခြင်း (Biometrics) ဘတ်စာရင်းသွင်းခြင်းကို မကြာမီပြုလုပ်ပေးမည်ဟု ပြောကြားထားပြီး ပြုလုပ်ပေးမည့်ရက်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါ။

ယခုလိုဘတ်ယာယီပိတ်ထားချိန်တွင် ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်များမှ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများနေ့စဉ်နီးပါး ဖမ်းဆီးခံနေရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

ထိုင်းနိုင်ငံတွင်းတွင်လည်း အထောက်အထားမရှိသူများအား ရှာဖွေဖမ်းဆီးခြင်းများပြုလုပ်နေသည့်အတွက် ထိုင်းသို့လာရောက်မည့် မြန်မာလူငယ်များအနေဖြင့် သတင်းအချက်အလက်များကို သေချာစုံစမ်းပြီးမှ လာရောက်ကြရန်လိုကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးလုပ်ဆောင်သူအချို့က Migrant Times ကိုအသိပေးပြောကြားထားသည်။

(ဆက်စပ်သတင်း)
“ ဘတ်” ဘယ်တော့ ပြန်ဖွင့်မလဲ
https://web.facebook.com/reel/817429137675417

Exit mobile version