နိုဝင်ဘာ ၁၂ ၊ Migrant Times ။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်တွင် အွန်လိုင်း လိမ်လည်မှုများပြုလုပ်ခဲ့သည့် ဂိုဏ်းခေါင်းဆောင် မစ္စတာ ရှီကျီကျန်း (She Zhijiang)အား တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံဘက်မှ ယနေ့လွှဲပြောင်း ပြန်ပို့မည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ရှီကျီကျန်းအား ယနေ့တွင် ထိုင်းရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဂျီရာဖော့ဘ် ဦးဆောင်သော အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေး စင်တာ (ACSC)က သုဝဏ္ဏဘူမိရဲစခန်းရှိ ထိန်းသိမ်းရေးခန်းသို့ လွှဲပြောင်းထားပြီး တရုတ်အာဏာပိုင်များက ယနေ့ညနေတွင် လာရောက်ခေါ်ယူရန် စီစဉ်ထားကြောင်း ဖော်ပြသည်။
ရှီကျီကျန်းအား နိုင်ငံဖြတ်ကျော် အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်များ တည်ထောင်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊ တရားမဝင် လုပ်ဆောင်မှုများမှ ငွေကြေးခဝါချခြင်းနှင့် နိုင်ငံများစွာတွင် အယောင်ပြကုမ္ပဏီများ ထူထောင်ကာ ရာဇဝတ်ဂိုဏ်းဖွဲ့စည်းခြင်းတို့ဖြင့် တရုတ်အစိုးရက ၂၀၂၁ ခုနှစ်တွင် တရားစွဲကာ ဖမ်း၀ရမ်းထုတ်ထားသည်။
တရုတ်အာဏာပိုင်များက ၎င်းသည် မြန်မာနိုင်ငံကို အခြေခံပြီး နိုင်ငံဖြတ်ကျော် အွန်လိုင်းလောင်းကစား လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အကာအကွယ် ကုမ္ပဏီများ တည်ထောင်ခဲ့ပြီး ယွမ်ငွေ သန်း ၂၈၀ (ဘတ်ငွေ သန်း ၁,၂၈၀ ကျော်) ထက်မနည်း လည်ပတ်ခဲ့ကာ ယွမ်ငွေ သန်း ၁၅၀ (ဘတ်ငွေ သန်း ၆၈၅ ကျော်) ကို နိုင်ငံရပ်ခြားသို့ ငွေကြေးခဝါချခဲ့ကြောင်း ထုတ်ပြန်သည်။
၎င်းအား၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ဘန်ကောက်မြို့၌ ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
၂၀၂၂ ခုနှစ်မှစ၍ တရုတ်အာဏာပိုင်များက ရှီကျီကျန်းအား ယာယီဖမ်းဆီးထိန်းသိမ်းရန်နှင့် တရားခံလွှဲပြောင်းပေးအပ်ရန် ထိုင်းရဲတပ်ဖွဲ့သို့ မေတ္တာရပ်ခံစာများ ပေးပို့ခဲ့သည်။ ရှီကျီကျန်းအား ထိုင်းနိုင်ငံ ၊ Klong Prem ထောင်တွင် ထိန်းသိမ်းခဲ့ပြီး ၎င်းက တရုတ်နိုင်ငံသို့ ပြစ်ဒဏ်ခံယူရန် ပြန်မသွားလိုကြောင်း အယူခံဝင်ခဲ့သည်။
ယခုနှစ် (၂၀၂၅) နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အယူခံတရားရုံးက တရားခံလွှဲပြောင်းပေးအပ်ရန်ဆုံးဖြတ်ခဲ့ပြီး ယနေ့တွင် ရှီကျီကျန်းအား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကလည်း ထုတ်ပြန်သည်။
Photo – royal thai police
