Migrant Times Blog သတင်း မြန်မာအလုပ်သမား ၁၆ဝ ကျော်အလုပ်ဖြုတ်ခံရပြီး လစာ ဘတ် ၁ သန်းခန့်မရ
သတင်း အလုပ်သမား သတင်း

မြန်မာအလုပ်သမား ၁၆ဝ ကျော်အလုပ်ဖြုတ်ခံရပြီး လစာ ဘတ် ၁ သန်းခန့်မရ

နိုဝင်ဘာ ၁၃ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊စမူပကန်ခရိုင်၊ဘန်ပါရပ်ကွက်ရှိ စားသောက်ကုန်စက်ရုံတွင် အလုပ်လုပ်နေကြသော မြန်မာ အလုပ်သမား ၁၆၉ ဦးအား စက်ရုံမှအလုပ်ထုတ်ခဲ့သည့်အတွက် နစ်နာကြေးရရန် ကူညီမှုပေးနေကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။

မြန်မာအလုပ်သမားအား နိုဝင်ဘာလ ၈ ရက်နေ့တွင် စက်ရုံတာဝန်ရှိသူများက နေ့စားမှ ပုတ်ပြတ်စားသို့ အတင်းအကျပ် ပြောင်းခိုင်းခဲ့ပြီး အလုပ်သမားများက သဘောမတူရာမှ အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုအလုပ်သမားများသည် ၄င်းစက်ရုံတွင်အလုပ်လုပ်နေသည်မှာ ၁ နှစ်မှ ၆ နှစ်အထိ သက်တမ်းရှိကြပြီး လုပ်အားခ ၁၆၉ ဦးစာ ၇၅၄,၄၁၆ ဘတ်နှင့် အချိန်ပိုကြေး ၁၆၉ ဦးစာ ၁၅၈,၀၀၀ ဘတ်ရရန်ကျန်သေးကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။ ထို့ပြင် အလုပ်သမားများ၏ ဆန္ဒမပါဘဲ လုပ်အားခထဲမှ စုကြေး‌ငွေ စုစုပေါင်း ၃၅၀,၀၀၀ ဘတ်ကိုလည်းဖြတ်တောက်ထားကြောင်း သိရသည်။

မြန်မာ အလုပ်သမားများက ယနေ့နံနက်တွင် အကူအညီတောင်းခဲ့ကြောင်း WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။

“အခုလက်ရှိတော့ ဘယ်မှမလုပ်ရသေးဘူး။အမှုတစ်ခုသွားကူညီနေလို့။လက်ရှိတော့ အမှုကို ကူညီဖို့လက်ခံထားရုံပဲရှိသေးတယ်” ဟု၎င်းကဆိုသည်။

မြန်မာ အလုပ်သမားများက လုပ်ငန်းခွင်ပြန်လည်ဝင်လိုကြပြီး အလုပ်ပြန်လည်ဝင်ရောက်ခွင့်မရပါက ထိုက်သင့်သည် နစ်နာကြေးရရှိရန် နှင့် စာရွက်စာတမ်းကိစ္စများပြီးမြောက်သည်အထိ ဆောင်ရွက်ပေးရန်တောင်းဆိုထားကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။

Exit mobile version