နိုဝင်ဘာ ၁၃ ၊ Migrant Times ။
ထိုင်းနိုင်ငံတွင် နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအတွင်း အရက်/ဘီယာ ရောင်းချခွင့်မပြုသည့် ကန့်သတ်ချက်ကို ပယ်ဖျက်ရန် မူဝါဒချမှတ်ခဲ့ကြောင်း ထိုင်း Khaosod သတင်းကဖော်ပြသည်။
ယနေ့၊နိုဝင်ဘာလ ၁၃ ရက်၊ နေ့လယ် ၂ နာရီခွဲတွင် အစိုးရအိမ်တော်၌ ဒုတိယဝန်ကြီးချုပ် စောဖုန်စရမ် (Sophon Sarum)သည် အမျိုးသား အရက်ယမကာ မူဝါဒကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေး၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီးနောက် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။
လူအများက အရက်ရောင်းချခွင့်နှင့်ပတ်သက်ပြီး နှစ်သစ်ကူးနှင့် သင်္ကြန်ခရီးသွားပွဲတော်များအတွက် စိုးရိမ်ပူပန်နေကြကြောင်း ဒုတိယဝန်ကြီးချုပ်ကပြောကြားသည်။ အကယ်၍ ဥပဒေကို တင်းတင်းကျပ်ကျပ် ကျင့်သုံးပါက ထိုင်းနိုင်ငံသို့ ခရီးသွားများ လာရောက်ခြင်းကို စိတ်ပျက်အားလျော့စေနိုင်သည် ဟုဆိုသည်။
ထို့ကြောင့် နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအတွင်း အရက်ရောင်းချမှု ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ရန် မူဝါဒချမှတ်ခဲ့ကြောင်း ၎င်းကပြောသည်။
နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအတွင်း အရက်ရောင်းချမှု ပိတ်ပင်မှုကို ယခင်က အစိုးရဝန်ထမ်းများ နေ့လယ်ပိုင်းတွင် အရက်သောက်ခြင်းကို တားဆီးရန် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
“အဲဒီခေတ် ကုန်ဆုံးသွားပြီလို့ ကျွန်တော် သူတို့ကို ပြောခဲ့တယ်။ အစိုးရဝန်ထမ်းတွေ နေ့လယ်ပိုင်းမှာ အရက် မသောက်တော့ဘူး။ ဒါကြောင့် ပယ်ဖျက်သင့်တယ်” ဟု ဒုတိယဝန်ကြီးချုပ်ကပြောကြားသည်။
ခရီးသွားလုပ်ငန်းကဏ္ဍတာဝန်ရှိသူများက အရက်သောက်ချိန်ကို နံနက် ၄ နာရီအထိ တိုးချဲ့စေလိုကြပြီးပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆရာဝန်များက နံနက် ၂ နာရီမှ ၃ နာရီအတွင်း မတော်တဆမှုများ မြင့်မားစွာ ဖြစ်ပွားကြောင်း စာရင်းဇယားများကို ကိုးကား၍ သဘောမတူကြသည့်အတွက် ယင်းအချိန်ကို အရက်ယမကာ မူဝါဒကော်မတီတွင် ဆက်လက်ဆွေနွေးကြမည်ဟုဆိုသည်။
ထိုင်းနိုင်ငံတွင် နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအတွင်း အရက်ရောင်းခွင့် သောက်ခွင့် ပိတ်ပင်မှုကို ပယ်ဖျက်ရန် မူဝါဒချမှတ်ခဲ့ပြီး ၁၅ ရက်ကြာ အများပြည်သူ ကြားနာခြင်းကို ဆောင်ရွက်မှုအပြီးတွင် အာဏာသက်ဝင်မည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
Photo – Khaosod

