Migrant Times Blog သတင်း ဘန်ကောက်တွင် အွန်လိုင်းငွေလိမ်ဂိမ်းလုပ်နေသည့် မြန်မာ ၁ ဦးနှင့် တရုတ် ၃ ဦးဖမ်းဆီးခံရ
သတင်း အလုပ်သမား သတင်း

ဘန်ကောက်တွင် အွန်လိုင်းငွေလိမ်ဂိမ်းလုပ်နေသည့် မြန်မာ ၁ ဦးနှင့် တရုတ် ၃ ဦးဖမ်းဆီးခံရ

ဘန်ကောက်
နိုဝင်ဘာ ၁၄ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊ ဒင်ဒန်ခရိုင်၊ ဟူအိုင်ခွမ်ရှိ ကွန်ဒို အခန်းတစ်ခန်းတွင် နေထိုင်ပြီး အွန်လိုင်း၌ လောင်းကစားဝက်ဘ်ဆိုက်ဖွင့်ကာ စလော့ဂိမ်းလုပ်ငန်းလုပ်နေသည့် တရုတ်နိုင်ငံသား ၃ ဦး နှင့် မြန်မာနိုင်ငံသား ၁ ဦးကို ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

၎င်းကွန်ဒိုတွင်နေသူများသည် မူးယစ်ဆေးဝါးသုံးစွဲသူများ စုဝေးသည်ဟု သံသယရှိကြောင်း ၁၃၈၆ ဟော့လိုင်းမှတစ်ဆင့် တိုင်ကြားချက်အရ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး (ONCB) သည် မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရို (NSB) နှင့် ပူးပေါင်းဆောင်ရွက်ကာ စုံစမ်းစစ်ဆေးခဲ့ကြောင်းဖော်ပြသည်။

ရဲတပ်ဖွဲ့က အခန်းတွင်း ဝင်ရောက်ရှာဖွေရာတွင် တရုတ်လူမျိုး ၃ ဦးနှင့် မြန်မာလူမျိုး ၁ ဦးတို့ကို တွေ့ရှိခဲ့ပြီး မူးယစ်ဆေးဝါး မတွေ့ရဘဲ အခန်းထဲ၌ လက်ပ်တော့ကွန်ပျူတာ လေးလုံး တွေ့ရှိခဲ့ကာ တရုတ်ဘာသာဖြင့် ဖွင့်ထားသော အွန်လိုင်းဝက်ဘ်ဆိုက်များ ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုဝက်ဘ်ဆိုက်များသည် စလော့၊ ဘောလုံး၊ ဘက်စကတ်ဘောနှင့် အခြားအားကစားများကို ကမ်းလှမ်းသည့် အဓိက လောင်းကစားဝက်ဘ်ဆိုက်များဖြစ်သည်ကို တွေ့ရှိခဲ့ပြီး အွန်လိုင်းရာဇဝတ်မှုကျူးလွန်ရန် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသော တရုတ်လူငယ်ကွန်ရက်တစ်ခုဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

တရုတ်လူမျိုး ၃ ဦးနှင့် မြန်မာလူမျိုး ၁ ဦးသည် ထိုင်းနိုင်ငံသို့ ခရီးသွားများအဖြစ် ဝင်ရောက်လာပြီး ကျောင်းသားများအဖြစ် ဟန်ဆောင်ရန် ကြိုးပမ်းခဲ့ကြောင်း ၊ ဖုန်းများတွင်လည်း ကျောင်းသားအဖြစ် ဟန်ဆောင်ထားသည့် တရုတ်ကွန်ရက်တစ်ခုမှ အချက်အလက်များကို တွေ့ရှိခဲ့ပြီး ၎င်းတို့သည် အရာရှိများကို မည်သို့ လှည့်ဖြားရမည်ကို သတိပေးချက်များနှင့် ညွှန်ကြားချက်များ ပေးထားသည်ကိုတွေ့ရကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

၎င်း ၃ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဥပဒေရေးရာ ဆောင်ရွက်မှုများ ပြုလုပ်ရန် ဟူအိုင်ခွမ်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ကိုးကား၊ဓာတ်ပုံ – Matichon

Exit mobile version