ဖန်င
နိုဝင်ဘာ ၁၄ ၊ Migrant Times ။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ ဖွင့်လှစ်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားကလေးငယ်များ ပညာသင်ကြားရေးစင်တာ (FED/ULC Learning Center)ကို ခရိုင်ပညာရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးရုံး၊လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားရေးဌာနများမှ တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့(နိုဝင်ဘာလ ၁၃ ရက်)က လာရောက် စစ်ဆေးခဲ့ကြောင်း FED တာဝန်ရှိသူက Migrant Times ကိုပြောကြားသည်။
ယခုကဲ့သို့ လာရောက်စစ်ဆေးခြင်းသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုမှ တိုင်ကြားမှုကြောင့် လာရောက်စစ်ဆေးခြင်းလည်း ဖြစ်သည်ဟု သိရသည်။
“ကျနော်တို့ အနေနဲ့ ထိုင်းအစိုးရဌာနဆိုင်ရာတွေရဲ့ လာရောက်စစ်ဆေးလေ့လာတာကို ကြိုဆိုခဲ့ပါတယ်။ လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေတွေကို တင်ပြခဲ့တယ်။ ထိုင်းနိုင်ငံရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကျနော်တို့ အနေနဲ့ကြိုးစားဆောင်ရွက်နေတယ်လို့ ရှင်းလင်းတင်ပြခဲ့တယ်” ဟု FED အမှုအဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။
စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက FED ဖောင်ဒေးရှင်းအောက်ရှိ ရွှေ့ပြောင်းကလေးများ သင်ကြားရေးစင်တာကို ဖောင်ဒေးရှင်းအောက်တွင် တရားဝင် မှတ်ပုံတင်ခြင်း (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများအဖြစ် မှတ်ပုံတင်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အကြံပေးခဲ့ကြောင်း သိရသည်။
ထို့အပြင်သင်ရိုးညွှန်းတမ်းအသစ်များ ပြုပြင်ရန်၊ ကလေးများ၏ တရားဝင်မှတ်ပုံတင်မှုများနှင့် မွေးစာရင်းများ တရားဝင်ထုတ်ယူနိုင်ရန် နှင့် ထိုင်းအစိုးရ၏ လူမှုဖူလုံရေးရန်ပုံငွေကို အပြည့်အဝခံစားနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုပြောကြားခဲ့ကြောင်း FED မှသိရသည်။
ယခုလို လာရောက်စစ်ဆေးမှုနှင့် ပတ်သက်၍ FED/ULC ထိုင်းကျောင်းအုပ်ဆရာမကြီးက “ကျမတို့အနေနဲ့ ထိုင်းအာဏာပိုင်တွေ လာရောက်လေ့လာစစ်ဆေးတာကို ကြိုဆိုပါတယ်။ ဝမ်းသာတယ်။ ထိုင်းအစိုးရ ဌာနဆိုင်ရာတွေရဲ့ အကြံပေးမှုတွေကို အတတ်နိုင်ဆုံး အကောင်အထည်ဖော်သွားမှာပါ။ ကလေးတွေရဲ့ ပညာရေးကို စိတ်ဝင်စားတဲ့ ထိုင်းအစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)က ထိုင်းနိုင်ငံတောင်ပိုင်း၊ဖန်ငခရိုင်အတွင်းရှိ ရွှေ့ပြောင်းမြန်မာကလေငယ်များ၏ သင်ကြားရေးစင်တာများကို ၂ဝဝဝ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Photo – Migrant Times
