နိုဝင်ဘာ ၁၅ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ကရာဘီခရိုင်၊ ပလိုင်းဖရား(Plai Phraya) မြို့နယ်ရှိ ကုမ္ပဏီတစ်ခုတွင် နိုဝင်ဘာလ ၁၄ ရက်နေ့၌ မြန်မာအလုပ်သမား ၃ ဦးသည် ဓာတုဗေဒတွင်း တစ်တွင်း(အိုး)ကို သန့်ရှင်းရေးလုပ်နေစဉ် အဆိပ်ငွေ့ရှူမိ၍ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းကဖော်ပြသည်။
မြန်မာအမျိုးသား အလုပ်သမား ၃ ဦးသည် ၎င်းဓာတုဗေဒတွင်း အတွင်းတွင် ဟိုက်ဒရိုဂျင်ဆာလ်ဖိုက် (hydrogen sulfide) ဓာတ်ငွေ့ရှုမိပြီး သတိလစ်နေခဲ့ကာ ကယ်ဆယ်ရေးအဖွဲ့များက
အသက် ၂၂ နှစ်အရွယ် ကိုပိုင်အမည်ရ အလုပ်သမားတစ်ဦးကို အောင်မြင်စွာ ဆွဲထုတ်နိုင်ခဲ့ပြီး ပလိုင်းဖရားဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။
ကျန်နှစ်ဦးဖြစ်သည့် ကိုရှိုင်းလင်းအောင် (အသက် ၂၄ နှစ်)နှင့် ကိုကျော်လင်းဦး (အသက် ၂၅ နှစ်)တို့မှာ တွင်းထဲတွင် ပိတ်မိနေပြီး ကယ်ဆယ်ရေးအဖွဲ့များက ကြိုးစားကယ်ထုတ်ခဲ့သော်လည်း အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ကြကြောင်း သိရသည်။
ရာဇဝတ်မှုဆိုင်ရဲများ၊ ခရိုင်အလုပ်သမားကာကွယ်ရေးနှင့် စက်မှုလက်မှုအာဏာပိုင်များသည် မတော်တဆဖြစ်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ဘန်ကောက်ပို့စ်သတင်းကဖော်ပြသည်။
Photo: Krabi provincial public relations office

