နိုဝင်ဘာ ၁၇ ၊ Migrant Times။
မလေးရှားနိုင်ငံ ၊ ပီနန်ပြည်နယ် ၊ Lorong Bukit Juru ရှိ ထိုင်းစားသောက်ဆိုင်(ala-Thai)တွင် အစားအသောက်နှင့် ပတ်သက်၍ စကားများရန်ဖြစ်ပြီးနောက် မြန်မာနိုင်ငံသူ စားဖိုမှူးကို မြန်မာနိုင်ငံသား အမျိုးသား ၃ ဦးက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း မလေးရှား the star သတင်းကဖော်ပြသည်။
ယမန်နေ့ (နိုဝင်ဘာ ၁၆ ရက်) ည ၉ နာရီခန့်တွင်၎င်းဆိုင်တွင် မြန်မာနိုင်ငံသားများသည် မှာယူစားသောက်ခဲ့ပြီး အစားအစာနှင့် ပတ်သက်ပြီး အငြင်းပွားခဲ့ကြသည်။ ထို့နောက် မြန်မာ အမျိုးသား ၁ ဦးကသူ၏ ညီအကိုတော်စပ်သူကို ဖုန်းဆက်ခေါ်ပြီး ဆိုင်သို့ပြန်လာကာ မြန်မာနိုင်ငံသူ စားဖိုမှူးကိုဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ဖော်ပြသည်။
ထိုဖြစ်စဉ်တွင် သေဆုံးသည့် အမျိုးသမီး၏ ခင်ပွန်းနှင့် သူငယ်ချင်းဖြစ်သူတို့လည်း ခန္ဓာကိုယ်တွင်ဒဏ်ရာများ ရရှိခဲ့ကြပြီး ၎င်းတို့သည် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။
ပီနန်ပြည်နယ် ရဲချုပ် Datuk Azizee Ismail ကလည်း ကျူးလွန်ရာတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား အမျိုးသား သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ၊ ၎င်းတို့သည် အရက်သောက်ထားကြကြောင်း၊လူသတ်မှုဖြင့် အရေးယူရန်အတွက် ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ဒဏ်ရာရရှိသူများကို စီဘာရန် ဂျာယာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပြောကြားသည်။
ယနေ့ (နိုဝင်ဘာလ ၁၇ ရက်) နေ့လယ်ပိုင်းတွင် တရားရုံး၌ ဆက်လက်စစ်ဆေးရန်အတွက် မြန်မာနိုင်ငံသား အမျိုးသား ၃ ဦးအား ခုနစ်ရက်ကြာ ချုပ်ရက်ရမန်ယူခဲ့ကြောင်း the star သတင်းကဖော်ပြသည်။
Photo – the star / china press

