Migrant Times Blog အလုပ်သမား သတင်း ထိုင်းမှာ အလုပ်သမားတွေအပေါ် ဖြေလျော့မှုပေးမှု အစီအစဥ်ပြောင်းလဲမည်မဟုတ်
အလုပ်သမား သတင်း

ထိုင်းမှာ အလုပ်သမားတွေအပေါ် ဖြေလျော့မှုပေးမှု အစီအစဥ်ပြောင်းလဲမည်မဟုတ်

ထိုင်းမှာ အလုပ်သမားတွေအပေါ် ဖြေလျော့မှုပေးမှု အစီအစဥ်ပြောင်းလဲမည်မဟုတ်

ဒီဇင်ဘာ ၂၁ရက်၊ Migrant Times
ထိုင်းအလုပ်အကိုင်ဦးစီးဌာန(DoE)ဟာ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ပြဿနာ ဖြေရှင်းဖို့ ကြိုးပမ်းနေမှုတွေကို ကာကွယ်ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင်အလုပ်သမားတွေ တရားဝင်ဖြစ်လာဖို့ ရှင်းလင်းပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ငန်းစဥ်ထွက်ပေါ်မလာတဲ့အပေါ် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ပြစ်တင်ခဲ့ပြီးနောက် အလုပ်အကိုင်ဦးစီးဌာန(DoE)က အခုလို တုန့်ပြန်လာတာဖြစ်ပါတယ်။
မကြာသေးမီက ပြုလုပ်တဲ့ အလုပ်သမားရေးရာကိစ္စရပ်များဆိုင်ရာ ဆွေးနွေးပွဲမှာ ရွှေ့ပြောင်းအလုပ်သမားအရေးကူညီရေးအဖွဲ့(MWG) ကိုယ်စားလှယ် Adisorn Kerdmongkol က ဖြေလျော့မှုပေးတဲ့လုပ်ငန်းစဥ်ဟာ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မလိုအပ်ဘဲ ရှုပ်ထွေးမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကို ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
ဥပမာအားဖြင့် တစ်နှစ်မှာ လေးကြိမ်သာ ဖွင့်လှစ်ပေးတဲ့ အလုပ်သမားဖြေလျော့ပေးခြင်းအတွက် အမည်စာရင်းတင်သွင်းမှုဟာ အလုပ်သမားတစ်ယောက် ပြီးစီးဖို့ အနည်းဆုံး ၅ ရက်ကြာမြင့်တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ အဲဒီစနစ် ဟာ တစ်ကြိမ်လျှင် ၁၅ ရက်သာ သတ်မှတ်ထားတယ်လို့ Adisorn Kerdmongkol က ထောက်ပြပါတယ်။
ထိုင်းနိုင်ငံ ဆက်လက်အလုပ်လုပ်ကိုင်လိုတဲ့ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအားလုံးအနေနဲ့ လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်မှာ အမည်စာရင်တင်သွင်းမှု ပြီးစီးရမှာပါ။ ဒါပေမဲ့ အမည်စာရင်းတင်သွင်းခြင်းစနစ်ဟာ အလွန်ရှုပ်ထွေးတာကြောင့် ပြည်ပအလုပ်သမား ၇၀၀,၀၀၀ ခန့်ဟာ မဖြစ်မနေ ထွက်ခွာရမှာဖြစ်တယ်လို့ Mr.Adisorn က ပြောပါတယ်။
အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့ Thanaporn Wichan ကလည်း Mr. Adisorn နဲ့ အမြင်ချင်းတူပြီး အလုပ်အကိုင်ဦးစီးဌာနအနေနဲ့ အလုပ်သမားတွေကို ကာကွယ်ဖို့ ပိုမိုလုပ်ဆောင်ရမယ်လို့ ပြောပါတယ်။
အဲဒီဝေဖန်မှုတွေနဲ့ပတ်သက်လို့ အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Pairoj Chotikasathienက သူတို့ဌာနအနေနဲ့ ပွင့်လင်းမြင်သာမှုကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှုအဖြစ် အွန်လိုင်းကနေ အမည်စာရင်းတင်သွင်းတဲ့စနစ်ကို လုပ်ဆောင်နေပြီလို့ တုံ့ပြန်ပါတယ်။
နောက်ပြီး Mr Pairoj က အလုပ်သမားဖြေလျော့ပေးခြင်းဆိုင်ရာ အမည်စာရင်းတင်သွင်းခြင်းကို တစ်နှစ်မှာ ၁၅ ရက်ကြာမြင့်တဲ့ကာလ ၄ ကြိမ် ကန့်သတ်ဖို့ ဆုံးဖြတ်ချက်အပေါ် အခိုင်အမာရပ်တည်ခဲ့ပြီး အဲဒီလိုလုပ်ဆောင်မှုဟာ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့အတွက်ဖြစ်တယ်လို့ ပြောပါတယ်။
“အမည်စာရင်းတင်သွင်းမှု ကာလရှည်သတ်မှတ်မယ်ဆိုရင် ဖြေလျော့မှုကို အသုံးချပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူပိုမိုများပြားလာဖို့ စွဲဆောင်ပါလိမ့်မယ်။ ဖြေလျော့တဲ့လုပ်ငန်းစဥ်ဟာ ထိုင်းအလုပ်ရှင်တွေက အလုပ်ခန့်ထားပြီးဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နဲ့ ဗီယက်နမ် နိုင်ငံတွေက တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေအတွက်သာ ဖြစ်ပြီး သူတို့အတွက် ၁၅ ရက်ဟာ လုံလောက်ပါတယ်” လို့ Mr Pairoj က ဆိုပါတယ်။
အွန်လိုင်းကနေ အမည်စာရင်းတင်သွင်းမှုစနစ် ရှုပ်ထွေးတယ်လို့ MWG ရဲ့ ဝေဖန်မှုအပေါ် Mr Pairoj က ခရိုင်တိုင်းရှိ အလုပ်သမားအရာရှိတွေက နည်းပညာပိုင်းဆိုင်ရာ အခက်အခဲရှိတဲ့ အလုပ်သမားတွေကို ကူညီပေးလိမ့်မယ်လို့ တုံ့ပြန်ပါတယ်။
ဆက်လက်ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှာ အလုပ်သမားစနစ်ကနေ ရွှေ့ပြောင်းအလုပ်သမား ၇၀၀၀,၀၀၀ ကို အတင်းအကြပ်ထွက်ခွာစေလိမ့်မယ်ဆိုတဲ့ MWG ရဲ့ပြောဆိုမှုကို Mr Pairoj က ပယ်ချခဲ့ပြီး ဌာနဟာ တစ်ရက်လျှင် အလုပ်သမား ၁၂၀၀ ကို ဝန်ဆောင်မှုပေးမယ့် ရွေ့လျားရုံး ၃ ရုံး တိုးချဲ့ထားတယ်လို့ ပြောပါတယ်။
ကိုးကား – ဘန်ကောက်ပို့စ်
ထိုင်းရောက်မြန်မာလုပ်သားများ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားနေ့အဖြစ် ဆန္ဒပြတောင်းဆိုနေစဉ်၊ ဓာတ်ပုံ – MT

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version