Migrant Times Blog အလုပ်သမား သတင်း လုပ်သားအားလုံးကို အလုပ်ထုတ်လိုက်တဲ့ YFAစက်ရုံအငြင်းပွားမှု ခုံသမာဓိအဖွဲ့ စတင်စစ်ဆေး
အလုပ်သမား သတင်း

လုပ်သားအားလုံးကို အလုပ်ထုတ်လိုက်တဲ့ YFAစက်ရုံအငြင်းပွားမှု ခုံသမာဓိအဖွဲ့ စတင်စစ်ဆေး

လုပ်သားအားလုံးကို အလုပ်ထုတ်လိုက်တဲ့ YFAစက်ရုံအငြင်းပွားမှု ခုံသမာဓိအဖွဲ့ စတင်စစ်ဆေး

ဒီဇင်ဘာ ၂၁ ရက်၊ Migrant Times
အလုပ်သမားအားလုံးကို အလုပ်က ရပ်စဲလိုက်တဲ့ YFA စက်ရုံရဲ့အငြင်းပွားမှုကိစ္စကို ဒီနေ့မှာ ခုံသမာဓိအဖွဲ့ကစတင်လက်ခံစစ်ဆေးနေပြီလို့ အဲဒီစက်ရုံအလုပ်သမားအရေးကူညီနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။
YFAစက်ရုံက အလုပ်သမား ၁၅၀ နီးပါးကို နို့တစ်ကြေးမပေးဘဲ နိုဝင်ဘာလကုန်က အလုပ်ရပ်စဲလိုက်တာနဲ့ပတ်သက်လို့ အငြင်းပွားမှုဖြစ်နေတာဖြစ်ပါတယ်။
အလုပ်သမားတွေက နို့တစ်ကြေး တစ်လစာပေးဖို့နဲ့ မပေးရင် အလုပ်ပြန်ခန့်ဖို့ တောင်းဆိုထားပေမယ့် စက်ရုံဘက်က နှစ်ချက်လုံးကို ငြင်းဆိုထားတယ်လို့ သိရပါတယ်။
” မြို့နယ်ညှိ/ဖြန်မှာ သုံးကြိမ်ညှိတာအဆင်မပြေလို့ ခုံအဖွဲ့ဆီတက်တာ။ ဒီနေ့စလက်ခံစစ်တယ် ” လို့ STUMမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ခုံသမာဓိအဖွဲ့အနေနဲ့ အဲဒီအငြင်းပွားမှုဖြစ်ရပ်ကို တစ်ပတ်ခန့် အချိန်ယူကိုင်တွယ်ပြီးမှ အဆုံးအဖြတ်ထွက်လာဖို့ရှိပါတယ်။
ခုံသမာဓိအဖွဲ့ရဲ့ အဆုံးအဖြတ်ဟာ အလုပ်သမားတွေတောင်းဆိုချက်အတိုင်းမရခဲ့ရင် နောက်ဆုံးအဆင့်ဖြစ်တဲ့ဘခုံသမာဓိကောင်စီအဆင့်တက်ရောက်ရဖို့ရှိပါတယ်။
ခုံသမာဓိကောင်စီမတက်ချင်ရင် ဥပဒေအရ အလုပ်သမားတွေအနေနဲ့သပိတ်မှောက်တောင်းဆိုခွင့်ရှိတာကြောင့် ဘယ်နည်းလမ်းဆက်သွားမယ်ဆိုတာကို တိုင်ပင်ရဦးမယ်လို့ အလုပ်သမားတချို့ကဆိုပါတယ်။
လက်ရှိမှာ အဲဒီအငြင်းပွားမှုကို ဆက်လက်ရင်ဆိုင်နေသလို နိုဝင်ဘာလမှာ အလုပ်သမားတွေရဲ့ လစာထဲ​
ပေးဖို့ ချန်လှပ်ထားတဲ့ ကျွမ်းကျင်ကြေးတွေကိုတော့ စက်ရုံဘက်က ပြန်ထုတ်ပေးမယ်လို့ ကတိပြုထားပါတယ်။
အလုပ်သမားတစ်ဦးကို ကျွမ်းကျင်ကြေး ကျပ် ၁၀၀၀၀ ကနေ ၃၀၀၀၀ လောက်အထိရဖို့ရှိနေပြီး ဒီဇင်ဘာလ ၂၃၊ ၂၆ နဲ့ ၂၇ ရက်တို့မှာ ရွှေပြည်သာမြို့နယ်အလုပ်သမားရုံးကတစ်ဆင့် ထုတ်ပေးမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version