မလေးရှားအလုပ်အကိုင် စျေးကွက် ဩဂုတ်လလောက်မှာပြန်ကောင်းလာမယ်လို့ အေဂျင်စီတွေမျှော်လင့်
မေ ၁၅ ရက်
အရုဏ်ဦး၊ Migrant Times
- မလေးရှားအလုပ်အကိုင်စျေးကွက်ဟာ ဩဂုတ်လလောက်မှာ ပြန်ကောင်းလာနိုင်တယ်လို့ အဲဒီနိုင်ငံကို အလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတချို့က ခန့်မှန်းထားပါတယ်။လက်ရှိမှာ မလေးရှားနိုင်ငံက မြန်မာလုပ်သားခေါ်ယူတာ သိသာစွာကျဆင်းနေပြီး သွားရောက်လုပ်ကိုင်လိုသူတွေက များပြားနေတာဖြစ်ပါတယ်။မလေးရှားနိုင်ငံရဲ့စီးပွားရေးအခြေအနေနဲ့ လုပ်သားခေါ်ယူတဲ့မူ အပြောင်းအလဲတွေကြောင့် မြန်မာလုပ်သားစေလွှတ်မှုထိခိုက်နေပေမယ့် မကြာခင် အခြေအနေပြန်ကောင်းလာနိုင်တယ်ဆိုပြီး အေဂျင်စီတွေက မျှော်လင့်နေကြပါတယ်။”မလေးရှားနိုင်ငံရဲ့သဘောက တရုတ်နှစ်ကူးပြီးလို့ ခြောက်လလောက်အထိက လုပ်ငန်းအေးလေ့ရှိတယ်။ အခု အဲဒီအကျိုးဆက်လို့လည်း ပြောလို့ရတယ်။ ရှစ်လပိုင်းလောက်ဆိုရင် လုပ်ငန်းတွေပြန်ကောင်းပြီးအလုပ်သမားခေါ်ယူတာ ပြန်တက်လာမယ်လို့ ထင်တယ်”လို့ အဲဒီနိုင်ငံကိုအလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
- မလေးရှားနိုင်ငံက ကိုဗစ်အလွန်ပြီးခဲ့တဲ့နှစ်အလုပ်သမားတွေ ပြန်ခေါ်စဥ်ကစပြီး မြန်မာလုပ်သားခေါ်ယူမှုနည်းသွားခဲ့တာဖြစ်ပါတယ်။မြန်မာလုပ်သားတွေကို အရင်လိုများများပြန်ခေါ်ပေးဖို့ အေဂျင်စီက မလေးရှားအလုပ်ရှင်တွေကတစ်ဆင့် သူတို့အစိုးရကို တောင်းဆိုခိုင်းတာမျိုးတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။”မလေးရှားစီးပွားရေးကအစိုးရအသစ်အပြောင်းအလဲကြောင့်ငြိမ်နေတာ။တဖြေးဖြေးနဲ့အရှိန်ပြန်ယူမယ့်သဘောတော့တွေ့ရတယ်”လို့ မလေးရှားရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။မလေးရှားကမြန်မာလုပ်သားအသစ်ခေါ်ယူတာနည်းသွားပေမယ့် အဲဒီနိူင်ငံရောက် တရားမဝင်လုပ်သားတွေကိုအလုပ်လုပ်ခွင့်ပါမစ်ချပေးပြီး ပြည်ပကခေါ်ယူမယ့်အလုပ်သမားအသစ်တွေနေရာအစားထိုးတာတွေရှိနေတယ်လို့လည်း အဲဒီနိူင်ငံရောက်မြန်မာအသိုင်းဝိုင်းထံကသိရပါတယ်။လက်ရှိမလေးရှားနိူင်ငံမှာ မြန်မာလုပ်သားဦးရေ နှစ်သန်းနီးပါရောက်ရှိနေကြတယ်လို့လည်းအလုပ်သမားရေးရာမှတ်တမ်းတွေအရသိရပါတယ်။