တောင်ကိုရီးယားနိူင်ငံမှာတရားမဝင်နေထိုင်သူတွေမိမိဆန္ဒအလျောက် ပြန်မယ်ဆိုဒဏ်ကြေးကင်းလွတ်ခွင့်ရမယ်လို့ သံရုံးအသိပေး
စက်တင်ဘာ ၁၉ ရက်
အရုဏ်ဦး၊ Migrant Times
- တောင်ကိုရီးယားနိုင်ငံမှာ တရားမဝင်နေထိုင်နေသူတွေအနေနဲ့ မိမိဆန္ဒအလျောက် နိုင်ငံတွင်းကနေထွက်ခွာမယ်ဆိုရင် ဒဏ်ကြေးကင်းလွတ်ခွင့်နဲ့ ပြည်ဝင်ခွင့် ကန့်သတ်ချက် ဆိုင်းငံခံခွင့်ရမယ်ဆိုပြီး အဲဒီနိုင်ငံအစိုးရက အကြောင်းကြားလာတယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးကအသိပေးချက်ထုတ်ပြန်ပါတယ်။တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ဒီဇင်ဘာလ ၃၁ရက်မတိုင်ခင် မိမိဆန္ဒအလျောက် ပြန်လည်ထွက်ခွာမယ်ဆိုရင် အဲဒီ ဖြေလျှော့မှုတွေခံစားခွင့်ရမယ်ဆိုပြီးအသိပေးထားတာဖြစ်ပါတယ်။မိမိဆန္ဒအလျောက် ထွက်ခွာမယ့်သူတွေအနေနဲ့ နိုင်ငံကူးလက်မှတ်၊ မိမိဆန္ဒအလျောက်ထွက်ခွာမယ်ဆိုတဲ့အကြောင်းကြားစာ၊ လေယာဥ်လက်မှတ်အစရှိတဲ့စာရွက်စာတမ်းတွေနဲ့အတူ လူဝင်မူကြီးကြပ်ရေးဌာနဆီကိုယ်တိုင်သွားရောက်၍ဖြစ်စေ၊အွန်လိုင်းကဖြစ်စေလျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။
- အဲဒီလိုလျှောက်ထားပြီးလေဆိပ်ကနေ နေ့ချင်းထွက်ခွာမယ်ဆိုရင် ဒဏ်ကြေးကင်းလွတ်ခွင့်နဲ့ ပြည်ဝင်ခွင့်ကန့်သတ်ချက် ဆိုင်းငံခံခွင့်ရရှိစေမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။အထက်ပါ စနစ်စတင်သက်ရောက်တဲ့ စက်တင်ဘာ ၁၁ရက် နောက်ပိုင်းတရားမဝင်နေထိုင်သူ၊ ခိုးဝင်ဝင်ရောက်နေထိုင်သူ၊ နိူင်ငံကူးလက်မှတ်အတုပြုလုပ်ထားသူ၊ ပြစ်မူကျူးလွန်ထားသူ၊ ထွက်ခွာမိန့်ကိုလိုက်နာဖို့ပျက်ကွက်ထားသူစတဲ့သူတွေကတော့ အကျုံးဝင်မူမရှိဘူးလို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
- “ကိုရီးယားအစိုးရက တရားမဝင်နိုင်ငံခြားသားတွေလျော့နည်း၊ပပျောက်အောင် မကြာခဏစီမံချက်တွေချရှင်းလင်းလေ့ရှိတယ်။အခုအစီစဥ်ပြီးရင် ရှာဖွေဖမ်းဆီးတာတွေပါထပ်လုပ်လာနိုင်တယ်”လို့ တောင်ကိုရီးယားနိုင်ငံရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ EPSစနစ်နဲ့ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၅၀၀၀၀ ကျော်အပြင် ကျောင်းတက်နေသူ၊စီးပွားရေးလုပ်ကိုင်နေသူတွေလည်းအများအပြားရှိပြီး တချို့မှာ ဗီဇာသက်တမ်းကျော်ပြီးတရားမဝင်အဖြစ်ဆက်ရှိနေကြတယ်လို့ အဲဒီနိုင်ငံရောက်မြန်မာအသိုင်းအဝိုင်းထံကသိရပါတယ်။တရားမဝင်နေထိုင်တဲ့ သူတွေအနေနဲ့ အနေအထိုင်၊ အသွားလာဆင်ခြင်ဖို့ ကိုလည်း မြန်မာလူမှုအဖွဲ့တွေကမကြာခဏသတိပေးလေ့ရှိပါတယ်။