Migrant Times Blog အလုပ်သမား သတင်း တရုတ်သွားမယ့် မြန်မာလုပ်သားအများအပြား မူဆယ်မှာသောင်တင်နေ
အလုပ်သမား သတင်း

တရုတ်သွားမယ့် မြန်မာလုပ်သားအများအပြား မူဆယ်မှာသောင်တင်နေ

နိုဝင်ဘာ ၅ရက်၊အရုဏ်ဦး/Migrant Times
တရုတ်နိုင်ငံက စက်ရုံတွေမှာ သွားရောက်လုပ်ကိုင်မယ့် မြန်မာလုပ်သားအများအပြားဟာ မူဆယ်မြို့မှာ သောင်တင်နေတယ်လို့ အလုပ်သမားတချို့ဆီက သိရပါတယ်။
တရုတ်နိုင်ငံ ရွှေလီမြို့ကစက်ရုံမှာ အလုပ်ရမယ်ဆိုပြီး ပွဲစားတွေရဲ့ချိတ်ဆက်ခေါ်ယူတာကြောင့် သွားရောက်ခဲ့ပေမယ့် မူဆယ်မြို့မှာဘဲ ရက်ပေါင်းများစွာ သောင်တင်နေကြရတာလို့ ဆိုပါတယ်။
“ဒီရောက်နေတာ နှစ်ပတ်လောက်ရှိပြီ။ဟိုဖက်ခြမ်းပိတ်ထားတာကြောင့်လို့လည်းပြောတယ်၊ ခေါ်မယ့်အချိန်စောင့်နေရတာလို့လည်းပြောတယ် အခုထိအလုပ်ထဲမရောက်ဘူး”လို့ လှိုင်သာယာမြို့နယ်ကနေသွားရောက်တဲ့ အမျိုးသမီးလုပ်သားတစ်ဦးက ပြောပါတယ်။
အဲဒီလို သွားအလုပ်လုပ်ဖို့အတွက် ပွဲစားကိုအနည်းဆုံး ကျပ်နှစ်သိန်းနဲ့အထက် ပေးရသလို တချို့က အလုပ်ထဲရောက်မှ ပြန်ဖြတ်မယ်ဆိုပြီးခေါ်တာမျိုးရှိတယ်လို့လည်း ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။
လက်ရှိမှာအလုပ်သမားတွေအနေနဲ့ မူဆယ်မြို့ကအခန်းလွတ်တွေ၊ဂိုဒေါင်လိုနေရာတွေမှာ စုပေါင်းနေနေကြရပြီး နေ့စဥ် စားသောက်စရိတ်ကုန်ကျနေကြရတယ်လို့ အလုပ်သမားတချို့ကဆိုပါတယ်။
“နေရတာသူ့အစုနဲ့သူပဲ၊လူဘယ်လောက်များလဲအတိအကျမသိရဘူး။ တချို့နေရာတွေဆို အလုပ်သမား ၁၀၀လောက်ရှိတယ်”လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။
ပြည်တွင်းကစက်ရုံတွေမှာ လုပ်ခနည်းပါးတာကြောင့် အလုပ်သမားတွေအနေနဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက ရွှေလီကိုရွှေ့ပြောင်းလုပ်ကိုင်တာတွေရှိခဲ့တာလို့ စက်ရုံလုပ်သားတစ်ဦးကဆိုပါတယ်။
အဲဒီလိုသွားရောက်သူတွေမှာ ပြည်ပကိုတရားဝင်သွားရောက်လုပ်ကိုင်ဖို့အထောက်အထားအပြည့်စုံမရှိသူတွေဖြစ်လို့ နယ်စပ်ကဖြတ်ကျော်သွားကြရတာလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version