Migrant Times Blog သတင်း ထိုင်းနိုင်ငံတွင် မေ ၁၅ ရက်ကစပြီး မိုးရာသီစတင်မည်
သတင်း

ထိုင်းနိုင်ငံတွင် မေ ၁၅ ရက်ကစပြီး မိုးရာသီစတင်မည်

ထိုင်းနိုင်ငံတွင် မေလ ၁၅ ရက်နေ့က စတင်ကာ မိုးရာသီသို့ဝင်ရောက်မည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာန TMD ကထုတ်ပြန်သည်။

ယခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွာသွန်းမြဲ မိုးရေချိန်ထက် ၅ ရာခိုင်နူန်း ခန့် ပိုများမည်ဟု TMD ကခန့်မှန်းထားပြီး ထိုင်းအထက်ပိုင်းဒေသများတွင် မေလမှ ဇူလိုင်လအထိ ၅-၁၀ ရာခိုင်နူန်း ပိုမို ရွာသွန်းမည်ဖြစ်ကြောင်းသိရသည်။

မိုးရာသီ၏ ဒုတိယပိုင်း (သြဂုတ်လမှ အောက်တိုဘာလ) တွင် ရွာသွန်းမြဲ မိုးရေချိန်ခန့်သာ ရှိမည်ဖြစ်သော်လည်း အရှေ့တောင်ပိုင်းဒေသတွင်မူ ၁၀ ရာခိုင်နူန်းပိုနည်းနိုင်သည်ဟုထုတ်ပြန်သည်။

ဇွန်လမှ ဇူလိုင်လအလယ်ပိုင်းအထိ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသ အထက်ပိုင်းတို့တွင် မိုးခေါင်နိုင်ခြေရှိပြီး အထူးသဖြင့် ဆည်ရေသောက်ဧရိယာပြင်ပရှိ ဒေသများတွင် မိုးခေါင်မှုဒဏ်ခံရနိုင်ကြောင်း သိရသည်။

သြဂုတ်လမှ အောက်တိုဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အပူပိုင်းမုန်တိုင်းများကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြစ်ရေလျှံတက်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး အထူးသဖြင့် အရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ဖြစ်နိုင်ချေရှိသည်။

အယ်နီညီု – လာနီညာရာသီဥတု ဖြစ်စဉ်များမှာ လက်ရှိတွင် အခြေအနေ ပုံမှန်ဖြစ်ပြီး နိုဝင်ဘာလအထိ ထိုအတိုင်း ဆက်ရှိမည်ဟု ခန့်မှန်းထားကာ မိုးရာသီကိုပုံမှန်အတိုင်း အထောက်အကူပြုမည်ဟု TMD ကထုတ်ပြန်သည်။

ထိုင်းနိုင်ငံတစ်ဝန်းရှိ ပြည်နယ်အများစုတွင် မေလ ၁ဝရက်နေ့မျှ ၁၂ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဘန်ကောက်၊ချင်းမိုင်မြို့ကြီးများအပါအဝင် အခြားမြို့များရှိ ရက်ကွက်လမ်းမအချို့ရေ နစ်မြုပ်ခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလဆန်း မိုးရာသီလွန်ကာလကလည်း ချင်းမိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပင်းမြစ်ရေ စံချိန်တင်မြှင့်တက်ကာ ချင်းမိုင်းမြို့ထက်ဝက်ကျော်ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့သည်။

News – Migrant Times

Photo – Migrant Times – ထိုင်းတောင်ပိုင်း၊ဖန်ငခရိုင်၊ခေါက်လတ်ဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားနေသည်ကို မေလ ၁၂ ရက်နေ့ နံနက်ပိုင်း၌ မြင်တွေ့ရစဉ်။

Exit mobile version