Migrant Times Blog သတင်း ကန်ချနဘူရီတွင် အသက် ၂ နှစ်အရွယ်ကလေးအပါ မြန်မာ ၅၃ ဦးဖမ်းမိ
သတင်း

ကန်ချနဘူရီတွင် အသက် ၂ နှစ်အရွယ်ကလေးအပါ မြန်မာ ၅၃ ဦးဖမ်းမိ

စင်တင်ဘာ ၁၆ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီပြည်နယ်၊ ထောင်းဖာဘူမြို့နယ်တွင် ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်နေ့ည၌ တရားမဝင်ဝင်ရောက်သည့် အသက် ၂ နှစ်အရွယ်ကလေးအပါအဝင် မြန်မာနိုင်ငံသား ၅၃ ဦးကို အုပ်ချုပ်ရေး ပူးပေါင်းအဖွဲ့ကဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ ည ၁ဝ နာရီကျော်ခန့်တွင် အုပ်ချုပ်ရေး ပူးပေါင်းအဖွဲ့သည် ထောင်းဖာဘူမြို့နယ် အူးလောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းတွင် မီးပိတ်ရပ်ထားသည့် မသင်္ကာဖွယ် ကား ၄ စီးကို တွေ့ရှိပြီး လူများသည် ကားပေါ်သို့ တဖြည်းဖြည်းတက်နေကြသည်ကိုတွေ့ရှိခဲ့သည်။

တာဝန်ရှိသူများက စစ်ဆေးရန်ဝင်ရောက်သည့်အခါတွင် ကားတစ်စီးသည် အရှိန်ပြင်းစွာဖြင့်မောင်းနှင်ထွက်ပြေးသွားပြီး ကျန်ရှိသည့် ကား ၃ စီးအတွင်းတွင် မြန်မာအလုပ်သမား စုစုပေါင်း ၅၃ ဦးကို တွေ့ရှိရပြီး ၎င်းတို့ထဲတွင် အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်ကြောင်း သတင်းကဖော်ပြသည်။

စစ်ဆေးမေးမြန်းမှုများအရ အလုပ်သမားများသည် မြန်မာနိုင်ငံ မြို့အသီးသီးမှ လာရောက်ကြပြီး ကား များပေါ်သို့ တက်ရောက်ကာ ကန်ချနပူရီမြို့သို့သွားရောက်ကြမည်ဖြစ်ကြောင်း၊ထိုမှတဆင့် ထိုင်းနိုင်ငံ အတွင်းပိုင်းခရိုင်များရှိ အလုပ်နေရာများသို့ ဆက်လက်သွားရောက်မည်ဖြစ်ပြီး အလုပ်သမားတစ်ဦးလျှင် ပွဲစားခ ၁၅,၀၀၀ မှ ၂၀,၀၀၀ ဘတ် ပေးဆောင်ခဲ့ရကြောင်း သိရသည်။

တာဝန်ရှိသူများက မြန်မာအလုပ်သမားအားလုံးကို ထောင်းဖာဘူမြို့နယ် ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး

ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံသို့ ဝင်ရောက်နေထိုင်မှုဖြင့် အမှုဖွင့်မည်ဖြစ်ကြောင်းသတင်းကဖော်ပြသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ၊ ကန်ချနာဘူရီခရိုင်၊ လောင်းခွမ်မြို့နယ် ၊နောင်မဆန်ခ်ရွာအနီး ကြံစိုက်ခင်းအတွင်း ပုန်းအောင်းနေသည့် တရားမဝင် ဝင်ရောက်လာလာသော မြန်မာအလုပ်သမား ၅၆ ဦးအား အုပ်ချုပ်ရေးမှူးအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများကဖော်ပြသည်။

စက်တင်ဘာလ ၁၂ တွင်လည်း ကန်ချနဘူရီပြည်နယ်၊ ဆန်ခလဘူရီဒေသရှိ ရေလှောင်တမံတစ်ခုတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများထဲမှ ၃ ဦး (အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး)၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်းထိုင်းသတင်းကဖော်ပြသည်။

ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၉ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။ Migrant Times ကလေ့လာထားသည့်အချက်များအရ ယခု စက်တင်ဘာလလယ် အထိ ထိုင်းနိုင်ငံသို့ နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၃ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။

Photo – MGR

#Migranttime

#ထိုင်း

#မြန်မာ

#ကန်ချနဘူရီ

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

Exit mobile version