Migrant Times Blog သတင်း ထိုင်းတွင် မြန်မာ ၁ ဦးအား ဘတ် ၂ သန်းတန်သည့် တရားမဝင်စီးကရက်များဖြင့်ဖမ်းမိ
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် မြန်မာ ၁ ဦးအား ဘတ် ၂ သန်းတန်သည့် တရားမဝင်စီးကရက်များဖြင့်ဖမ်းမိ

စက်တင်ဘာ ၂၅ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ် ၊ စံခလဘူရီမြို့နယ်ရှိ အခန်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ဘတ်ငွေ ၂ သန်းနီးပါးတန်ဖိုးရှိ တရားမဝင်စီးကရက်များတွေ့ရှိကာ မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့၊ ညနေတွင် သတင်းပေးချက်အရဟုဆိုကာ ရဲတပ်ဖွဲ့က ငှားရမ်းထားသောအခန်းတစ်ခန်းကိုရှာဖွေခဲ့ကြောင်း သိရသည်။ အခန်းတွင်းတွင် ပုံးများ၊ အိတ်များဖြင့် ထည့်ထားသည့် စီးကရက်များကိုတွေ့ရပြီး ထိုင်းအမှတ်တံဆိပ် Krong Thip (ပျော့ဖတ်) စီးကရက် ၂၄၈ ထုပ်နှင့် မြန်မာအမှတ်တံဆိပ် ဖက်ကြမ်းစီးကရက် ၆၀၀ ထုပ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
အခန်းငှားရမ်းထားသူ မြန်မာလူမျိုးသည် ထိုင်းနိုင်ငံတွင် ၁ဝ နှစ်ခံကတ်ဟုခေါ်ဆိုသည့် နံပါတ် ၀ ဖြင့်စသော သက်သေခံကတ်ပြားကို ကိုင်ဆောင်ထားသူဖြစ်ပြီး နေထိုင်ခွင့်အခြေအနေကို ရုပ်သိမ်းခံရနိုင်ကြောင်း ၊ သူသည် မြန်မာနိုင်ငံ၊ ဘုရားသုံးဆူရှိ မြန်မာအမျိုးသားတစ်ဦးထံမှ စီးကရက်များအားလုံးကို ဝယ်ယူခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဖောက်သည်များထံ ဖြန့်ဖြူးရန်အတွက် အခန်းထဲ၌ သိုလှောင်ထားကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
သံသယရှိသူမြန်မာအမျိုးသားကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် စံခလဘူရီရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း ထိုင်းသတင်းကဖော်ပြသည်။
Photo – โจโฉ
Exit mobile version