နိုဝင်ဘာ ၁၂ ၊Migrant Times ။
ထိုင်းနိုင်ငံ ၊ချွန်ပူလီခရိုင် ၊ဘော်ထောင်းမြို့ရှိ မီးကြိုးစက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၅၁ ဦး၏ အလုပ်ဖြုတ်ခ နစ်နာကြေး ဘတ် ၁ သန်းကျော်(၁,၀၂ဝ,ဝဝဝ)ကိုယနေ့ပြန်လည် ရရှိခဲ့ကြောင်း ကူညီခဲ့သည့် WAG အဖွဲ့ကထုတ်ပြန်သည်။
မြန်မာအလုပ်သမားများသည် ထိုစက်ရုံတွင် အများဆုံးလုပ်သက် ၃ နှစ်အထိရှိကြပြီး ယခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ၎င်းစက်ရုံအား စစ်ဆေးရေးဝင်ရောက်ခဲ့သည့်အတွက် စက်ရုံပိတ်သိမ်းရမည်ဟုအကြောင်းပြကာ အလုပ်ဖြုတ်ခဲ့ခြင်းဖြစ်သည်။
အလုပ်သမားများက နစ်နာကြေးရရှိရန် ဇူလိူင် ၂၂ ရက်တွင် အကူအညီတောင်းခံခဲ့ကြပြီး နယ်မြေခံ ဆဝါဒီကန်ရုံးတွင် သွားရောက်ကူညီတိုင်ကြားခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။ ၎င်းနောက် ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဆဝါဒီကန်ရုံး ၌ စက်ရုံဘက်မှ အလုပ်သမားများကို နစ်နာကြေး (၁)ဦးကို ဘတ် ၂ဝ,ဝဝဝ စီဖြင့် ၅၁ ဦးစာ ဘတ် ၁ သန်းကျော်(၁,၀၂ဝ,ဝဝဝ) ပေးဆောင်ခဲ့ပြီး ဗီဇာသက်တမ်းတိုးပြီးသည်ထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အကုန်လုံးအညီအမျှ နှစ်သောင်းထုတ်ပြီးပေးတာ ၊ အလုပ်သမားတွေနဲ့ ညှိနှိုင်းပေမဲ့ အလုပ်သမားတွေကလက်ခံတယ်ဆိုလို့ နစ်နာကြေးက နှစ်သောင်းနဲ့ ဖြတ်လိုက်တာ” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။
မြန်မာအလုပ်သမားများ၏ လုပ်ခနစ်နာကြေးများပြန်ရရန်အတွက် ပညာရေးနှင့်ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း – FED နှင့်ပူပေါင်းဆောင်ရွက်မှုကြောင့်အောင်မြင်စွာ ရရှိခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။
