Migrant Times Blog သတင်း ထိုင်း လမ်းလယ်ကျွန်း ဆောက်လုပ်ရေးလုပ်ငန်းတွင် မြန်မာ ၈ ဦးဖမ်းဆီးခံရ
သတင်း အလုပ်သမား သတင်း

ထိုင်း လမ်းလယ်ကျွန်း ဆောက်လုပ်ရေးလုပ်ငန်းတွင် မြန်မာ ၈ ဦးဖမ်းဆီးခံရ

နိုဝင်ဘာ ၁၂ ၊Migrant Times ။

ထိုင်းနိုင်ငံ ၊ ပက်ချဘူရီပြည်နယ်(Phetchaburi)၊ သာယန်းမြို့နယ်(Tha Yang)၊ ဖစ်ကစမ်လမ်းမကြီးရှိ လမ်းလယ်ကျွန်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား အလုပ်သမား ၈ ဦးအား အထောက်အထားမရှိသည့်အတွက် ထိုင်းအုပ်ချုပ်ရေး၊ရဲတပ်ဖွဲ့များက ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း သာယန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ၎င်းနေရာရှိ ဆောက်လုပ်ရေးလုပ်သားများအား အုပ်ချုပ်ရေးအဖွဲ့က စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားမဝင် မြန်မာနိုင်ငံသား အလုပ်သမား ၈ ဦးအားတွေ့ရှိကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသား အလုပ်သမား ၈ ဦးအနက် ၂ ဦးတွင် အလုပ်လုပ်ခွင့်လိုင်စင်မရှိပဲ ၆ ဦးတွင် နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့်လိုင်စင် မရှိကြောင်း တွေ့ရှိခဲ့သည့်အတွက် ဥပဒေအရ အရေးယူနိုင်ရန် သာယန်းရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာနက ယမန်နေ့တွင် တရားဝင် အခြေအနေမရှိသော မြန်မာ၊လာအို နှင့် ဗီယက်နမ် နိုင်ငံသားများသည် ကိုယ်ရေးအချက်အလက် မှတ်တမ်းတင်ခြင်း (Biometrics) ဘတ်စာရင်းသွင်းခြင်းကို မကြာမီပြုလုပ်ပေးမည်ဟု ပြောကြားထားပြီး ပြုလုပ်ပေးမည့်ရက်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါ။

ယခုလို ဘတ်ယာယီပိတ်ထားချိန်တွင် ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်များမှ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများနေ့စဉ်နီးပါး ဖမ်းဆီးခံနေရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

ထိုင်းနိုင်ငံတွင်းတွင်လည်း အထောက်အထားမရှိသူများအား ရှာဖွေဖမ်းဆီးခြင်းများပြုလုပ်နေသည့်အတွက် မြန်မာနိုင်ငံသားများအနေဖြင့် သတိထားနေထိုင်ကြရန်လိုအပ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးလုပ်ဆောင်သူအချို့က Migrant Times ကိုပြောကြားထားသည်။

Photo – District Tha Yang

Exit mobile version