ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊ ဖရားခနုမ်းမြို့နယ်(Phra Khanong)တွင် နေထိုင်သည့် မြန်မာအမျိုးသမီး ၁ ဦး၏ အခန်းထံမှ ထိုင်းဘတ်ငွေ ၁ဝ သန်း ခိုးယူပြီး ထွက်ပြေးတိန်းရှောင်နေသည့် မြန်မာ ၃ ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း ဘန်ကောက် မြို့တော် ရဲတပ်ဖွဲ့(Metropolitan Police Bureau-MPB) ကယနေ့ထုတ်ပြန်သည်။
MPB ဌာနထုတ်ပြန်ချက်အရ ဖရားခနုမ်း နယ်မြေရှိ ကွန်ဒိုမီနီယမ်တစ်ခုတွင် နိုဝင်ဘာလ ၉ ရက်နေ့၊ ည ၁၀ နာရီ ခွဲခန့်တွင် ၎င်းခိုးယူမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းကွန်ဒိုတွင် နေထိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး (ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား အလုပ်သမား စျေးကွက်ရှာဖွေရေးဌာနတွင် အလုပ်လုပ်သူ) သည်
သူမ၏အခန်းမှ ဘတ် ၁၀ သန်းကျော်တန်ဖိုးရှိ ငွေသားများ ပျောက်ဆုံးသွားကြောင်း လာရောက်အကြောင်းကြားခဲ့ကြောင်း ဘန်ကောက် မြို့တော် ရဲတပ်ဖွဲ့ ကဖော်ပြသည်။
အမှုလက်ခံပြီးနောက် ဖရားခနုမ်း ရဲစခန်းနှင့် ရဲတပ်ဖွဲ့ခွဲ ၅ မှ စုံစမ်းစစ်ဆေးရေးအဖွဲ့များက စုံစမ်းခဲ့ရာ သံသယရှိသူအဖွဲ့သည် ဘန်ကောက်ဧရိယာမှ ထွက်ပြေးပြီး ဖစ်ချဘူရီခရိုင်၊ ချမ်အမ်းမြို့နယ်၌ ပုန်းခိုနေကြောင်း သဲလွန်စရရှိခဲ့သည်။
ထို့နောက် ပုန်းခိုနေဟိုတယ်အား ဝင်ရောက်ရှာဖွေရန် သွားရောက်စဉ်တွင် ဟိုတယ်ရှေ့၌ ခိုးမှုကျူးလွန်ရာ၌ အသုံးပြုသည့် ကားအား ရပ်ထားသည်ကို တွေ့ရှိရပြီးနောက် ဟိုတယ်အခန်းအတွင်း၌ သံသယရှိသူ သုံးဦးနှင့်အတူ သက်သေခံပစ္စည်းများကို တွေ့ရှိကာ ဖမ်းဆီးခဲ့သည်။
၎င်းတို့သည် ငွေသား ဘတ် ၁၀ သန်းကျော် တန်ဖိုးရှိသော ပစ္စည်းများကို ဝင်ရောက်ခိုးယူခဲ့ကြခြင်း ဖြစ်သည်။ ဖမ်းဆီးရမိသည့် သက်သေခံပစ္စည်းများမှာ ငွေသား ဘတ် ၈,၈၄၁,၀၀၀၊ အဖြူရောင် လက်ဆွဲအိတ် ၁ လုံး နှင့် မော်တော်ယာဉ် ၁ စီးတို့ ဖြစ်ကြောင်း ဘန်ကောက် မြို့တော် ရဲတပ်ဖွဲ့ကဖော်ပြသည်။
စစ်ဆေးမေးမြန်းမှုအရ ဖမ်းဆီးခံရသူ ၃ ဦးသည် ကွန်ဒိုနေ မြန်မာအမျိုးသမီးနှင့် သိကျွမ်းခဲ့ဖူးပြီး အကြိမ်များစွာ လည်ပတ်သွားလာဖူးကြောင်း၊ငွေသားများကို အခန်းအတွင်း၌ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် ခိုးယူရန် အစီအစဉ်ဆွဲခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံခဲ့ကြောင်း ဘန်ကောက် မြို့တော် ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
၎င်းတို့အား ဥပဒေအရ အရေးယူနိုင်ရန် ဖရားခနုမ်း ရဲစခန်း ထံ လွှဲပြောင်းထားကြောင်း သိရသည်။
Photo – Metropolitan Police Bureau

