Migrant Times Blog သတင်း တရက်တာ ရွှေ့ပြောင်းရေးရာ သတင်း
သတင်း အလုပ်သမား သတင်း

တရက်တာ ရွှေ့ပြောင်းရေးရာ သတင်း

နိုဝင်ဘာ ၁၃ ၊ Migrant Times ။

– ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊ ဖရားခနုမ်းမြို့နယ်(Phra Khanong)တွင် နေထိုင်သည့် မြန်မာအမျိုးသမီး ၁ ဦး၏ အခန်းထံမှ ထိုင်းဘတ်ငွေ ၁ဝ သန်း ခိုးယူပြီး ထွက်ပြေးတိန်းရှောင်နေသည့် မြန်မာ ၃ ဦးအား နိုဝင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ဘန်ကောက် မြို့တော် ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

– ထိုင်နိုင်ငံ ၊ စမွတ်ဆာခွန်ပြည်နယ် ၊ ခုတ်ခမ်မြို့နယ်ခွဲတွင် အသက် ၁၈ နှစ်အရွယ်မြန်မာနိုင်ငံသား ဆယ်ကျော်သက် လူငယ် ၁ ဦးအား မက်တမ်ဖက်တမင်း (ယာဘ) ၁,၀၀၀ ပြားရောင်းချမှုဖြင့် ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ၎င်းသည် Noom Wan အမည်ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုကာ လူသိများသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

– ထိုင်းနိုင်ငံတွင်းသို့ Free Visa(ဗီဇာကင်းလွတ်ခွင့်) ဖြင့် ၂ ကြိမ်ထက်ပိုပြီးဝင်ရောက်လာသူများကို လူဝင်မှုကြီးကြပ်ရေးမှ ငြင်းပယ်မည်ဖြစ်ပြီး မှန်ကန်သော ဗီဇာလျှောက်ထားပြီးမှသာ ဝင်ရောက်ခွင့်ပေးဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပြန်သည်။ ထိုင်းနိုင်ငံမှ ပြန်လည်ပို့ဆောင်ခြင်းခံရပြီး မှတ်တမ်းတင်ခံထားသူများသည် ထိုင်းနိုင်ငံသို့ ထပ်မံဝင်ရောက်လာပါက ခြွင်းချက်မရှိ ဝင်ရောက်ခွင့် ငြင်းပယ်ခြင်း ခံရမည်ဖြစ်ကြောင်း ၊ထိုင်းတွင် သတ်မှတ်ထားသည့်ရက်ထက် ကျော်လွန်၍ နေထိုင်သူ (overstay) နိုင်ငံခြားသားများအား ဖမ်းဆီးရှင်းလင်းရေး ပြုလုပ်ရန် မည်ဖြစ်ကြောင်းထုတ်ပြန်သည်။

– ထိုင်းနိုင်ငံ၊စမူပကန်ခရိုင်၊ဘန်ပါရပ်ကွက်ရှိ စားသောက်ကုန်စက်ရုံတွင် အလုပ်လုပ်နေကြသော မြန်မာ အလုပ်သမား ၁၆၉ ဦးအား စက်ရုံမှအလုပ်ထုတ်ခဲ့သည့်အတွက် နစ်နာကြေးရရန် ကူညီမှုပေးနေကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။ ထိုအလုပ်သမားများသည် ၄င်းစက်ရုံတွင်အလုပ်လုပ်နေသည်မှာ ၁ နှစ်မှ ၆ နှစ်အထိ သက်တမ်းရှိကြပြီး လုပ်အားခ ၁၆၉ ဦးစာ ၇၅၄,၄၁၆ ဘတ်နှင့် အချိန်ပိုကြေး ၁၆၉ ဦးစာ ၁၅၈,၀၀၀ ဘတ်ရရန်ကျန်သေးကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။

– ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ဖုန်မှုန့်ပမာဏသည် ပျမ်းမျှထက် ကျော်လွန်နေပြီး ဘန်နာခရိုင်၌ အဆိုးဆုံးဖြစ်ကာ ကျန်းမာရေးထိခိုက်နိုင်ကြောင်း ဘန်ကောက်မြို့‌အုပ်ချုပ်ရေးအဖွဲ့ (BMA) ကထုတ်ပြန်သည်။ လေထုအရည်အသွေး တိုင်းတာချက်များအရ ဘန်ကောက် နေရာများစွာတွင် ဖုန်မှုန့်ပမာဏသည် ပျမ်းမျှထက် ကျော်လွန်နေသည်ကို တွေ့ရှိရပြီး ပြည်သူများအနေဖြင့် အိမ်မှမထွက်ခွာမီ လေထုအရည်အသွေး အချက်အလက်များကို Air BKK application သို့မဟုတ် www.airbkk.com မှတစ်ဆင့် စစ်ဆေးရန် အသိပေးထားသည်။

Exit mobile version