အောက်တိုဘာ ၁၆ ၊ Migrant Times ။
ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖူးခက်မြို့ ပါသောင်ကမ်းခြေမှာ လာရောက်အပန်းဖြေသူတွေအများစုသည်Jellyfish ဂျယ်လီငါး၏ အဆိပ်သင့်သူတွေများလာကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
ပါသောင်ကမ်းခြေစောင့်ဝန်ထမ်းများက ခရီးသည်အများစုသည် ရေထဲဆင်းကူးချိန်တွင် Jellyfish အဆိပ်ဆူးခြင်းခံရပြီး အနီကွက်များ၊ အပူလောင်ခြင်းနှင့် ဓာတ်မတည့်သည့် လက္ခဏာများဖြစ်ပေါ်လာကြောင်းပြောကြားသည်။
Jellyfish အဆိပ်ပျံ့နှံ့မှုကို တားဆီးရန် ရှာလကာရည်ကို အသုံးပြု၍ ရှေးဦးသူနာပြုစုခြင်း ပြုလုပ်ပေးနေပြီး ထပ်မံကုသမှု ခံယူရန်အတွက် အနီးရှိ ဆေးရုံများသို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း ကမ်းခြေစောင့်ဝန်ထမ်းများကဆိုသည်။
Jellyfish များ၏ လက်တံများတွင် အဆိပ်နှင့် အဆိပ်ဆူးနိုင်သည့် ဆဲလ်များစွာ ပါဝင်ပြီး ရေကူးသူများသည် ရေထဲတွင် ပေါ်လောပေါ်နေသော Jellyfish များ၏ လက်တံများကြောင့် အဆိပ်ဆူးနိုင်ကြောင်းသိရသည်။
ကမ်းခြေတွင် Jellyfish အဆိပ်သင့်ပါက ရေထဲဆင်းနေရာမှ ချက်ချင်းတက်ရန်လိုအပ်ကြောင်း၊ သတိလစ်ခြင်း (သို့မဟုတ်) အသက်ရှူရခက်ခဲခြင်းဖြစ်ပေါ်ပါက CPR (အသက်ကယ်အကူအညီ) လုပ်ဆောင်သင့်ကြောင်း၊ အနီကွက်များပေါ်တွင် ဗီနီကာ ရှာလကာရည်ကို လျှင်မြန်စွာ လောင်းချနိုင်ကြောင်း၊ အနာကို လက်ဖြင့် ပွတ်သပ်ခြင်း ထိကိုင်ခြင်း မပြုသင့်ကြောင်း၊ မသက်သာပါက ဆေးရုံ ဆေးခန်းများသို့သွားရောက်သင့်ကြောင်း ပါသောင်ကမ်းခြေတာဝန်ရှိသူများကပြောသည်။
Photo – Bangkok Post