အောက်တိုဘာ ၁၇ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်၊ ဘန်မိုကိုထိုင်း ဒေသတစ်ဝိုက်တွင် ယမန်နေ့၌ နယ်စပ်မှ တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၂၃ ဦးအား ဖမ်းဆီးခဲ့ကြောင်း နာရေဆွမ်တပ်ဖွဲ့ လက်အောက်ခံ ရာ့ချ်မနူအထူးတပ်ဖွဲ့ (Naresuan Force’s Rajmanoo Task Force)က ယနေ့ထုတ်ပြန်သည်။
ရာ့ချ်မနူအထူးတပ်ဖွဲ့က ဘန်မိုကိုထိုင်း ဒေသတစ်ဝိုက်တွင် သံသယဖြစ်ဖွယ် ယာဉ်နှစ်စီးကို ကြားဖြတ်ဖမ်းဆီးခဲ့ပြီး စစ်ဆေးရာတွင် တရားမဝင်ဝင်ရောက်လာသော မြန်မာနိုင်ငံသား အလုပ်သမား ၂၃ ဦး (အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၅ ဦး) ကိုတွေ့ရှိခဲ့သည်။ ထို့အပြင် ကူညီသူယာဉ်မောင်း နှစ်ဦးကိုပါ ဖမ်းဆီးခဲ့သည်။
သက်သေအဖြစ် ယာဉ်နှစ်စီးလုံးကို သိမ်းဆည်းကာ ဖမ်းမိသူများအား တရားဥပဒေအရ ဆက်လက်အရေးယူရန် ဖုတ်ဖရာရဲစခန်းထံ အပ်နှံခဲ့ကြောင်း ရာ့ချ်မနူအထူးတပ်ဖွဲ့ကထုတ်ပြန်သည်။
အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ၊ ရနောင်းပြည်နယ် ၊ ကရဘူရီးမြို့နယ် ဘန်နိုင်ကရမ်ရွာတွင် ခိုး၀င်လာသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးကို တွေ့ရှိပြီး ဖမ်းဆီးခဲ့ကြောင်း အမှတ်(၂၅)ခြေမြန်တပ်ရင်းအထူးတပ်ဖွဲ့က ထုတ်ပြန်သည်။
ထိုင်းသတင်းများ ဖော်ပြချက်အရ စက်တင်ဘာလအတွင်းတွင် ထိုင်းနိုင်ငံသို့ နယ်စပ်များမှတရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁,၀၀၀ ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။
Photo – နာရေဆွမ်တပ်ဖွဲ့