ကမ္ဘောဒီးယားတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ထိုင်းတစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းထန်

နေအိမ်များထိခိုက်ပြီး အရပ်သားများ စစ်ဘေးရှောင်နေရ

ဇူလိူင် ၂၃၊ Migrant Times ။
ကမ္ဘောဒီးယားဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ အရပ်သားနေအိမ်ပေါ်ကျရောက်ကာ ၁ ဦးသေဆုံးပြီး ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် မိသားစုဝင် ၂ ဦးလည်းပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စတာဂျီရာယု ဟွန်ဆပ်ကယနေ့(ဇူလိူင် ၂၄)တွင် ပြောကြားသည်။

မစ္စတာဂျီရာယုက ယနေ့နံနက်တွင် ကျင်းပသည့် နယ်စပ်ဒေသဆိုင်ရာ အထူးစစ်ဆင်ရေးဌာနချုပ် – SSOC အစည်းအဝေးတွင်ပြောကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
နယ်စပ်အငြင်းပွားမှုများဖြစ်ပွားနေသည့် ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း ဘူရီရမ်ပြည်နယ်နှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်ရှိ ထိုင်းတပ်ဖွဲ့များကို ကမ္ဘောဒီးယားတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ထိုင်းအရပ်သားနှင့်နေအိမ်များထိခိုက်ခဲ့ကြောင်း ထိုင်း Khaosod သတင်းကလည်း ရေးသားသည်။

ကမ္ဘောဒီးယားတပ်ဖွဲ့က ယနေ့(ဇူလိူင် ၂၄)ရက် နံနက်ပိုင်းတွင် အမြောက်များဖြင့် ပစ်ခတ်ခဲ့ရာ ထိုင်းဘက်ခြမ်း ဘူရီရမ်ပြည်နယ်၊ ကျေးရွာအမှတ် ၁၃ ရှိ အရပ်သားနေအိမ်များအနီး လမ်းမများပေါ်သို့ ကျည်ဆန်များ ကျရောက်ခဲ့သည်။

ကမ္ဘောဒီးယားအမြောက်ကျည်ဆန်များသည် ဘူရီရမ်ပြည်နယ်၊ ကျေးရွာအမှတ် ၁၃ ရှိ လမ်းဧရိယာနှင့် ဘူရီရမ်ပြည်နယ်နှင့်ကပ်လျက် ဆူရင်းပြည်နယ်၊ ကပ်ချောင်ခရိုင်၊ ဒန်ကျေးရွာအုပ်စု၊ ဘန်ချိုရက်ကျေးရွာရှိ နေအိမ်တစ်လုံးကိုထိမှန်ခဲ့သည်။ ထို့ပြင် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းကရေးသားသည်။

ကမ္ဘောဒီးယားဘက်မှ အမြောက်ကျည်ဆန်များ ဆက်လက်ကျရောက်နိုင်သောကြောင့် ကျေးရွာဒေသခံများကို ထိုင်းအာဏာပိုင်များက ဗုံးဒဏ် ခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းပေးခဲ့သည်။
နယ်မြေမတည်ငြိမ်မှုကြောင့် ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်ရှိ ကျောင်းများကိုလည်း ပိတ်ရန်ထုတ်ပြန်ခဲ့သည်။

ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များအကြား စစ်ရေးပဋိပက္ခများသည် ယနေ့နံနက်တွင် ပရာဆတ်တာမွန်ထုမ်၊ ပရာဆတ်တာကွိုင်၊ ချောင်ဘွတ်၊ ခေါဖရာဝီဟန် (ဟူအိုင် တာမာရီယာ/ဖူမာခေယာ)၊ ချောင်အန်မာနှင့် ချောင်ဂျွမ်စသည့် နေရာခြောက်ခု၌ ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

ယနေ့နံနက် ၉ နာရီ ၂ဝ မိနစ်ခန့်တွင် ဖာမော်အီဒဲန်၊ ပရာဆတ်ခေါဖရာဝီဟန်၌ နောက်ဆုံးပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားတပ်ဖွဲ့များသည် BM21 ဒုံးကျည်များအပါအဝင် လက်နက်မျိုးစုံကို အသုံးပြုကာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုင်းတပ်ဖွဲ့များကလည်း စစ်ရေးအစီအစဉ်အတိုင်း စစ်မြေပြင်သုံး လက်နက်ကြီးများဖြင့် တန်ပြန်တိုက်ခိုက်ခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။
ဆူရင်ခရိုင်၊ ပရာဆတ် တာမွန်ဧရိယာတွင် ထိုင်းစစ်သားနှစ်ဦးသည် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း တော်ဝင်ထိုင်းစစ်တပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ရစ်ချာ ဆွတ်ခ်ဆူဝမ်နွန်းက ထိုင်းမီဒီယာကို အတည်ပြုပြောကြားခဲ့သည်။

ဗိုလ်မှူးကြီး ရစ်ချာက ယနေ့နံနက်တွင် တာမွန်ထုမ်ဘုရားကျောင်းရှေ့တွင် ကမ္ဘောဒီးယား မောင်းသူမဲ့လေယာဉ် (UAV) ပျံဝဲနေသည့် အသံကို ကြားရကြောင်း၊ ထို့နောက် ကမ္ဘောဒီးယားတပ်ဖွဲ့များသည် ဆူးကြိုးခြံစည်းရိုးရှေ့ရှိ ၎င်းတို့၏ စစ်စခန်းသို့ လက်နက်များ သယ်ဆောင်လာခဲ့ကြောင်း ထိုင်းမီဒီယာကို ပြောကြားသည်။


RPG များအပါအဝင် လက်နက်အပြည့်အစုံပါရှိသော ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ခြောက်ဦးသည် ထိုင်းစစ်ဆင်ရေးအခြေစိုက်စခန်းရှေ့ရှိ ဆူးကြိုးခြံစည်းရိုးအနီးသို့ ချဉ်းကပ်လာသည်ကို တွေ့ရှိခဲ့ပြီး ထိုင်းတပ်ဖွဲ့များက နှုတ်ဖြင့် ညှိနှိုင်းရန် ကြိုးပမ်းခဲ့ကြကြောင်းသိရသည်။

သို့သော် ယနေ့ နံနက် ၈နာရီ ၂၀ မိနစ်ခန့်တွင် ကမ္ဘောဒီးယားတပ်ဖွဲ့များသည် တာမွန်ဘုရားကျောင်း၏ အရှေ့ဘက်၊ မီတာ ၂ဝဝ ခန့်အကွာအဝေးမှ စတင်ပစ်ခတ်ခဲ့ပြီးနောက် ထိုင်းစစ်တပ်နှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များအကြားထိတွေ့မှုများဖြစ်ပွားနေကြောင်း ထိုင်းစစ်တပ်ထုတ်ပြန်ချက်ကို ကိုးကားကာ ထိုင်းသတင်းများကရေးသားသည်။

Photo – Khaosod
ကမ္ဘောဒီးယားတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ထိုင်းအရပ်သားနှင့်နေအိမ်များထိခိုက်ခဲ့သည့်မြင်ကွင်း။

Similar Posts