နိုဝင်ဘာ ၆ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ အရှေ့မြောက်ပိုင်းရှိ ဥဘွန်ရက်ချ်ထာနီပြည်နယ်၊ ဥဘွန်ရက်ချ်ထာနီမြို့တွင် ယနေ့ နံနက်အစောပိုင်းမှစကာ ကယ်မက်ဂီ မုန်တိုင်းကြောင့် မိုးအဆက်မပြတ် ရွာသွန်းနေကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ယနေ့ နံနက် ၁ နာရီခန့်မှစ၍ နံနက်ပိုင်းအထိ မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး မောင်းမြို့နယ်တွင် လေပြင်းများ တိုက်ခတ် နေကြောင်းသိရသည်။ သို့သော်လည်း ဥဘွန်ပစ်သယာခုံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် မုန်တိုင်း ကယ်လ်မာဂီ၏ သက်ရောက်မှုကြောင့် မိုးနှင့် လေပြင်းများကြားမှ ပုံမှန်အတိုင်း စာသင်ခန်းသို့ သွားရောက်နေကြကြောင်း ဖော်ပြသည်။
ထိုင်းမိုးလေဝသဌာန (TMD) ကမုန်တိုင်းသည်ယနေ့မွန်းလွဲပိုင်းတွင် ဥဘွန်ရက်ချ်ထာနီပြည်နယ်အတွင်းသို့ ဝင်ရောက်ပြီးနောက် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားမည်ဟု ထုတ်ပြန်ထားသည်။
မုန်တိုင်းကြောင့် ယနေ့ နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်အတွင်း အရှေ့မြောက်ပိုင်းဒေသတွင် မိုးအလွန်သန်းထန်ခြင်း ဖြစ်ပေါ်နိုင်ကြောင်းထုတ်ပြန်သည်။
မုန်တိုင်း၏ သက်ရောက်မှုကြောင့် ဥဘွန်ရက်ချ်ထာနီ၊ ယာဆိုထွန်၊ အမ်နတ်ချာရိုအန်၊ စရီစကက်၊ စူရင်းနှင့် ဘူရီရမ်ဒေသများတွင် မိုးသည်းထန်နိုင်ကြောင်း သတိပေးသည်။
ထိုင်းနိုင်ငံ ၊ အရှေ့မြောက်ပိုင်း ဒေသခံများအား တရားဝင်ထုတ်ပြန်ချက်များကို အနီးကပ်စောင့်ကြည့်ရန်နှင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းစသည့် အန္တရာယ်များကို သတိထားရန် သတိပေးထားသည်။
ကယ်လ်မာဂီ မုန်တိုင်း လာမည့် ၁၂ နာရီအတွင်း လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသများတွင် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်သည်ဟု ခန့်မှန်းထားသည်။
မုန်တိုင်းမှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး၊ဇလဌာနကလည်း သတိပေးထားသည်။
ဓာတ်ပုံ – Thai PBS
ဥဘွန်ရက်ချ်ထာနီမြို့တွင် ယနေ့ နံနက်ပိုင်းမြင်ကွင်း။






