ဇူလိူင် ၂၆ ၊ Migrant Times ။
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ၊ ရွှေပြည်သာစက်မှုဇုန် (၃)တွင် ဖွင့်လှစ်ထားသည့် Wan He Shou Fashion အထည်ချုပ် စက်ရုံ အလုပ်သမားများမှ အလုပ်သမားအခွင့်အရေးများကို ယမန်နေ့(ဇူလိူင် ၂၅)တွင် စက်ရုံ၌တောင်းဆိုခဲ့သည်။
အလုပ်သမားများက မန်နေဂျာ အား အလုပ်ထုတ်ပေးရန်၊ အောလင်း၊အောနိုက် အချိန်ပိုများ မတရား မခေါ်ရန်၊ အချိန်ပို ဆင်းရလျှင် ထမင်း၊အစားအသောက်စီစဉ်ပေးရန်၊အိမ်သာများ ပြန်လည်ပြုပြင်ပေးရန်နှင့် လစာထုတ်ရက်များတွင် ညနေ ၄ နာရီ ၃ဝ မိနစ်တွင် ပြန်လွှတ်ပေးရန်စသည့် အချက် (၅) ချက်များတောင်းဆိုကြကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသည့် Solidarity of Trade Union Myanmar – STUM မှထုတ်ပြန်သည်။
“OT ခေါ်လို့ ဆင်းရင် မုန့်၊အအေး မကြွေးဘူး၊ ထမင်းလဲ မမှာပေးဘူး။ Day ကြေး တန်းတူ မပေးဘူး၊OT ကြေး မပေးဘူး။ထမင်းဖိုး ၃,ဝဝဝ ကျပ်ပေးပြီး ကိုယ့်ဘာသာ မှာစားရတယ်။အောနိုက်၊အောလင်းအမြဲခေါ်တယ်” ဟု အလုပ်သမားများကပြောကြောင်း STUM ကထုတ်ပြန်သည်။

Wan He Shou Fashion အထည်ချုပ် စက်ရုံ အလုပ်သမားများ၏ စုပေါင်းတောင်းဆိုမှုများနှင့်ပတ်သက်ပြီး ယမန်နေ့(ဇူလိူင် ၂၅)တွင် အင်းစိန်မြို့နယ်အလုပ်သမားဌာန (အလည၊အလရ၊အလဆ) ဦးစီးများ ရောက်ရှိလာပြီး ဖြေရှင်းသော်လည်း ပြေလည်ခြင်းမရှိကြောင်း သိရသည်။
ထိုဦးစီးများမှ မည်သည့်စာမှ မရေးထားသောစာရွက်တွင် လက်မှတ်ထိုးခိုင်းခဲ့သည်ဟု ညှိနှိုင်းမှုတွင် ပါဝင်သူ (၉) ဦးကပြောဆိုခဲ့ကြောင်း STUM ကထုတ်ပြန်သည်။
ရွှေပြည်သာစက်မှုဇုန် (၃)ရှိ Wan He Shou Fashion အထည်ချုပ်စက်ရုံကို ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီးအလုပ်သမား ၆ဝဝ ကျော်ခန့်ရှိကာ Sinsay အမှတ်တံဆိပ် အဝတ်အထည်များ ချုပ်လုပ်ကြောင်း သိရသည်။
Photo – STUM
Wan He Shou Fashion အထည်ချုပ် စက်ရုံ အလုပ်သမားများ။