မနီလာ ငလျင်ပြတ်ရွေ့ကြောင့် ထိုင်းတွင် ဆူနာမီဖြစ်နိုင်ကြောင်း သတိပေး

ဇူလိူင် ၂၆ ၊ Migrant Times ။
ဖိလစ်ပိုင်နိုင်ငံရှိ မနီလာ ပြတ်ရွေ့ကြောတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပါက ထိုင်းပင်လယ်ကွေ့ကမ်းရိုးတန်းကို ထိခိုက်နိုင်သည့် ဆူနာမီ ဖြစ်နိုင်ခြေရှိကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးသည်ဟု ထိုင်းနေးရှင်းသတင်းတွင်ဖော်ပြသည်။
ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာန လက်အောက်ရှိ ထိုင်းမိုးလေဝသဌာနသည် ဖိလစ်ပိုင်ရှိ မနီလာ ပြတ်ရွေ့ကြောတစ်လျှောက် အင်အားပြင်းငလျင်လှုပ်ခတ်နိုင်ခြေရှိသည့် အခြေအနေများကို စောင့်ကြည့်နေကြောင်းထုတ်ပြန်သည်။ ယင်းငလျင်ကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၊ ထိုင်းပင်လယ်ကွေ့တစ်လျှောက်တွင် ဆူနာမီ ရိုက်ခတ်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။
မနီလာ ပြတ်ရွေ့ကြောတစ်လျှောက် ငလျင်ကြီးလှုပ်ပါက ထိုင်းနိုင်ငံသို့ ဆူနာမီရိုက်ခတ်နိုင်ခြေရှိကြောင်း “Anti-Fake News Centre Thailand” မှတစ်ဆင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ခန့်မှန်းချက်များအရ တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်နိုင်ငံ၏ အနောက်ဘက်တွင် တည်ရှိသော မနီလာ ပြတ်ရွေ့ကြောသည် ဆူနာမီလှိုင်းများကို တောင်ဘက်သို့ (ဖိလစ်ပိုင်ဘက်) ဦးတည်စေနိုင်ပြီး ထိုင်းနိုင်ငံသို့မရောက်မီ ပြင်းအားလျော့ကျကာ ထိုင်းပင်လယ်ကွေ့အတွင်းသို့ လှိုင်းများ ဝင်ရောက်လာနိုင်သည်။
ထိုင်းပင်လယ်ကွေ့သို့ရောက်ရန် အကွာအဝေးမှာ ခန့်မှန်းခြေအားဖြင့် ၁,၃ဝဝ-၁,၅ဝဝ ကီလိုမီတာရှိပြီး ထိုင်းနိုင်ငံသို့ ဆူနာမီရောက်ရှိမည့် ခန့်မှန်းခြေအချိန်မှာ ၁.၅ နာရီမှ ၂ နာရီအတွင်း ဖြစ်နိုင်သည်။
ငလျင်ဒဏ်ကို ထိုင်းနိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ခံစားရနိုင်ပြီး အထူးသဖြင့် ထိုင်းပင်လယ်ကွေ့တစ်လျှောက်သို့ ဆူနာမီရောက်ရှိနိုင်ခြေ အသင့်အတင့်မှ မြင့်မားနိုင်သည်။
ထိခိုက်နိုင်သည့် ထိုင်းကမ်းရိုးတန်းဒေသများမှာ ချွန်ဘူရီ (Chonburi)၊ စမုထ်ပရာကန် (Samut Prakan)၊ ထရတ် (Trat) နှင့် ရယောင်း (Rayong) တို့ ပါဝင်ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
မှတ်တမ်းများအရ ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂ဝဝ၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းအနောက်ဘက် ကမ်းလွန်ပင်လယ်ပြင်၌လှုပ်ခတ်ခဲ့သည့် ပြင်းအား ၉.၁ မှ ၉.၃ ရှိသည့် ငလျင်ကြီးကြောင့် ဆူနာမီဖြစ်ပွားခဲ့သည်။
ဆူနာမီကြောင့် ထိုင်းနိုင်ငံတွင် လူပေါင်း ၅,၄ဝဝ ကျော် သေဆုံးခဲ့ပြီး ၈,ဝဝဝ ကျော် ဒဏ်ရာရရှိခဲ့ကာ ၂,၈ဝဝ ခန့် ပျောက်ဆုံးခဲ့သည်။
ဖူးခက်မြို့၏ မြောက်ဘက် ၈ဝ ကီလိုမီတာခန့်အကွာရှိ Khao Lak (ခေါဝ်လပ်)ကမ်းခြေ ဒေသတွင် သေဆုံးမှု အများဆုံး ဖြစ်ပွားခဲ့သည်။
Photo – Getty Images
ထိုင်းနိုင်ငံတောင်ပိုင်း Khao Lak ကမ်းခြေတွင် ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့၌ ဆူနာမီလှိုင်းများ ရိုက်ခတ်ပြီး လေးရက်အကြာတွင်တွေ့ရသည့်မှတ်တမ်း ။