ဖူးခက်တွင် မြန်မာလုပ်သား ၄ဝ ကျော်ကို ၃ လစာမပေးပဲ အလုပ်ထုတ်

ဇူလိူင် ၂၈ ၊ Migrant Times

ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ငန်းရှင်က မြန်မာအလုပ်သမား ၄၁ ဦးအား လုပ်ခ ၃ လစာမပေးသည့်အပြင် အလုပ်မှထုတ်ခဲ့ကြောင်း ကူညီပေးနေသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရသည်။

မြန်မာအလုပ်သမားများသည် လတ်တလောတွင် စားဝတ်နေရေးအခက်အခဲနှင့်ရင်ဆိုင်နေရပြီး ၎င်းတို့၏လုပ်အားခများပြန်လည်ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးမည်ဟု WAG အဖွဲ့တာဝန်ခံကိုမုန်တိုင်းကပြောကြားသည်။

“သူတို့ရဲ့ လုပ်ခလစာရဖို့ နယ်မြေခံ စဝါဒီကန်ရုံး(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန) ကိုတိုင်ကြားရမှာပေါ့။ စဝါဒီကန်နဲ့ချိတ်ပြီးအလုပ်လုပ်ရမယ်၊ ရုံးပိတ်ထားတော့လုပ်မရသေးဘူး”ဟု ၎င်းက Migrant Times ကိုပြောသည်။

မြန်မာအလုပ်သမားများ၏ အကူအညီတောင်းခံချက်အရ ဖူးခက်မြို့တွင် အလုပ်သမားများနှင့်ယနေ့တွေ့ဆုံမည်ဟု သူကဆက်ပြောသည်။

ထိုင်းနိုင်ငံရှိ စက်ရုံ အလုပ်ရုံများတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် စက်ရုံသူဌေးက ပွဲစားများနှင့်ပူးပေါင်းကာ အကြောင်းမဲ့ အလုပ်ထုတ်ခံရခြင်း ၊ လုပ်ခလစာ မရခြင်း ၊ အလုပ်သမားအခွင့်အ‌ရေးချိုးဖောက်ခြင်းခံရခြင်းများ မကြာခဏကြုံနေရကြောင်း မြန်မာအလုပ်သမားအရေးကူညီသူအချို့မှသိရသည်။

Photo – WAG
ဖူးခက်မြို့ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှ မြန်မာအလုပ်သမားများ။

Similar Posts