ဘန်ကောက်ရှိ မြန်မာကလပ် ၂ ခုတွင် မြန်မာအပါ ၄၆ ဦး ဖမ်းဆီးခံရ

ဩဂုတ် ၄ ၊ Migrant Times
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ဘန်ရက်ခ်ရှိ ဖျော်ဖြေရေးကလပ် ၂ ခုကို ဝင်ရောက်စီးနင်းခဲ့ပြီးမြန်မာနိုင်ငံသား ၁၇ ဦးအပါအဝင် ၄၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့ ၊ နံနက် ၄ နာရီခန့်တွင် ဘန်ရက်ခ်ရဲစခန်း၊ ဆိုင်ဘာရဲတပ်ဖွဲ့၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ဘန်ရက်ခ်ရှိ မြန်မာကလပ် ၂ ခုအား တရာမဝင်ဖွင့်လှစ်ထားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် အချိန်ပိုဖွင့်လှစ်မှုများကြောင့် ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီလအတွင်း စမွတ်ဆာခွန်ခရိုင်၊ ထာချင်မြို့ရှိ မြန်မာအသိုင်းအဝိုင်းများ၏ ဖျော်ဖြေရေးနေရာများကို ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေခဲ့သည်။ ထို့နောက် ဘန်ရက်ခ်ခရိုင်ရှိ မြန်မာအလုပ်သမားများ စုဝေးရာ ဖျော်ဖြေရေးနေရာများကို အသေးစိတ်စုံစမ်းခဲ့ပြီးနောက် ရှာဖွေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ဘန်ရက်ခ်ရှိ Phaan (ဖာအံ)ကလပ်တွင် အီလက်ထရွန်နစ်စီးကရက် ၂၄ ခု၊ ဆေးခြောက် ၁၅ လိပ်နှင့် မြန်မာဆေးလိပ် ၈ လိပ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အလုပ်ရှင်အမည်နှင့် အလုပ်နေရာကို ၁၅ ရက်အတွင်း မှတ်ပုံတင်ရုံးသို့ အကြောင်းကြားရန် ပျက်ကွက်မှုဖြင့် လူ ၁၃ ဦး၊ နေထိုင်ခွင့်ကာလ ကျော်လွန်နေသူ ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
ထို့ပြင် တရားမဝင် နိုင်ငံအတွင်း ဝင်ရောက်လာသူ ၁ ဦးနှင့် ကလပ်ပိုင်ရှင်ကို လိုင်စင်မရှိဘဲဖွင့်လှစ်မှုဖြင့်ဖမ်းဆီးခဲ့သည်။
ဒုတိယကလပ်ဖြစ်သည့် Skybar တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၂၇ ဦးကို တွေ့ရှိကာဖမ်းဆီးခဲ့ပြီး မည်သည့်နိုင်ငံသားများဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိပါ။
ထို့ပြင် လိုင်စင်မရှိဘဲဖွင့်လှစ်မှုဖြင့် ပိုင်ရှင်ကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။
ဖျော်ဖြေရေးကလပ် ၂ ခုမှ ဖမ်းဆီးခဲ့သူများအား ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဩဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။
ဓာတ်ပုံ – Thai Police