အောက်တိုဘာ 11, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ဘန်ကောက် Decent Work Day ချီတက်ပွဲတွင် မြန်မာလုပ်သားများ ဆင်နွှဲ

အောက်တိုဘာ ၇ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ယနေ့ နံနက်ပိုင်း ကျင်းပခဲ့သည့် အလုပ်သမားအတွက် သင့်တော်သောအလုပ်နေ့ (Decent Work Day) အထိမ်းအမှတ် စီတန်းလှည့်လည် ချီတက်ပွဲတွင် မြန်မာအလုပ်သမား များပါဝင်ဆင်နွှဲခဲ့သည်။
ချီတက်ပွဲတွင် ထိုင်းအလုပ်သမားသမဂ္ဂများ အဖွဲ့နှင့် ပူးပေါင်းပြီး မြန်မာအလုပ်သမား ၂၅ ဦး ပါဝင်ခဲ့ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) ၏ Organizer ကိုအောင်ကျော်က Migrant Times ကိုပြောသည်။
“နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်းလူမျိုးတွေ အားလုံးက ဒီလိုအခွင့်အရေးတွေ လိုအပ်ပါတယ်ဆိုတဲ့အကြောင်း မီးမောင်းထိုးပြတာပါ”ဟု ၎င်းကပြောသည်။
ယနေ့ကျင်းပခဲ့သည့် ချီတက်ပွဲသည် ၁၇ ကြိမ်မြောက်ဖြစ်ပြီး အလုပ်သမားနေ့၊ အမျိုးသမီးနှင့်ကလေးငယ်များနေ့ ၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့များတွင်လည်း ယခုကဲ့သို့ စုပေါင်း ချီတက်ပွဲများ ပြုလုပ်လေ့ရှိကြောင်း LRF အဖွဲ့မှသိရသည်။
သင့်တော်သောအလုပ်နေ့ Decent Work Day ၏ ယခုနှစ် ဆောင်ပုဒ်သည် “For democracy that delivers decent work” ဖြစ်သည်။ အလုပ်သမားများအတွက် သင့်တော်သောအလုပ်၊ မျှတသောအခွင့်အရေးများ ရရှိရေးလိုအပ်ကြောင်း MWSC – ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ကလည်းထုတ်ပြန်သည်။
Photo – MWSC