အောက်တိုဘာ 11, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

စမွတ်စခွန်တွင် မြန်မာ ရွှေ့ပြောင်းကလေး ၉ဝဝ နီးပါး သင်ကြားနေသည့် စာသင်ကျောင်းကို စစ်ဆေးပြီး ဆရာ ၂၇ ဦးကို ဖမ်းဆီး

အောက်တိုဘာ ၁ဝ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ စမွတ်စခွန်ပြည်နယ် ၊ကရထုန်ဘဲန်မြို့နယ် ထာမိုင်းရပ်ကွက်တွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ် ၉ဝဝ နီးပါးတက်ရောက်နေသည့် စာသင်ကျောင်းကို အောက်တိုဘာလ ၉ ရက်နေ့၌ အဖွဲ့စုံကဝင်ရောက်စစ်ဆေးခဲ့ပြီး ဆရာ ၂၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း မတိချွန်သတင်းစာတွင်ယနေ့ ဖော်ပြသည်။
၎င်းကျောင်းနေရာသည် ယခင်ကကျောင်းဖွင့်ခွင့် လိုင်စင် ရုပ်သိမ်းခံထားရသော နေရာဖြစ်ပြီး
Damrongtham စင်တာမှတစ်ဆင့် ဒေသခံများက တိုင်ကြားခဲ့သောကြောင့် ထပ်မံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယမန်နေ့က သွားရောက်စစ်ဆေးစဉ်တွင် ကျောင်းသား ကျောင်းသူ ၉ဝဝ ကျော်နှင့် စာသင်ကြားပေးနေသော ကျောင်းဆရာ ဆရာမ (၂၇)ဦးအား တွေ့ရှိခဲ့ကြောင်း စမွတ်စာခွန်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်သည့် ဒုတိယ ရဲမှူးကြီး Khetrat Chansin ကပြောသည်။
ထာမိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးကလည်း အဆိုပါနေရာသည် ဌာနေ တိုင်းရင်းသားလူနည်းစုများအတွက် လူငယ်စခန်း အဖြစ် လုပ်ကိုင်ဆောင်ရွက်ရန် မြေပိုင်ရှင်ထံမှ ငှားရမ်းထားကြောင်း ၊စာသင်ကျောင်း အနေဖြင့် အသုံးပြုရန် ခွင့်ပြုချက် တောင်းခံထားခြင်း မရှိကြောင်း ပြောကြားသည်။
ကျောင်းအဖြစ်အသုံးပြုထားသည့် အဆောက်အအုံသည် ဘေးကင်းရေး အကဲဖြတ်မှု အောင်မြင်ပြီး ဖြစ်သော်လည်း ခရိုင်ပညာရေးမှူးရုံးထံမှ ခွင့်ပြုချက် မရရှိသေးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ထို့အပြင် ရွှေ့ပြောင်းကလေးများအား ပညာသင်ကြားရေးနှင့် ပြုစုစောင့်ရှောက်ပေးသူ ၂၇ ဦးသည် “အလုပ်သမားများ” အတွက် အလုပ်ပါမစ်များသာ ကိုင်ဆောင်ထားကြကြောင်း ဒုတိယ ရဲမှူးကြီး Khetrat Chansin က ပြောသည်။ ၎င်းတို့၏ အလုပ်ပါမစ်နှင့် မကိုက်ညီသည့် နည်းလမ်းဖြင့် အလုပ်လုပ်ခြင်းအတွက် ဥပဒေချိုးဖောက်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်း ပြောကြားသည်။
တရားမဝင်ဖွင့်ထားသည့် စာသင်ကျောင်းနှင့်ပတ်သက်ပြီး ပိုင်ရှင်များ၊ ဆရာများ နှင့် ပါဝင်ပတ်သက်သူများ အားလုံးကို စုံစမ်းစစ်ဆေးပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
Photo – matichon