🟥တံဆိပ်တုံးတခု ဘတ် ၁၂,ဝဝဝ ဖြင့် စာအုပ်ပေါင်း ၁ဝဝ ကျော်ရောင်းချခဲ့ဟုဆို
အောက်တိုဘာ ၂၁ ၊ Migrant Times ။
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့တွင် လူဝင်မှုကြီးကြပ်ရေးရုံး၏ တံဆိပ်တုံး အတုအားကွန်ပျူတာဖြင့် ပြုလုပ်ကာရောင်းချနေသည့် မြန်မာနိုင်ငံသား ၁ ဦးကို သက်သေခံ စာရွက်စာတမ်း (Bor Tor 50) နှင့်အတူ စစ်ဆေးတွေ့ရှိသည့်အတွက် ယမန်နေ့ အောက်တိုလာလ ၂ဝ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။
ဖမ်းဆီးခံရသူသည် အသက် ၄၂ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုမစ် (အမည်လွဲ)ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံသား ပါတ်စ်ပို့များအတွက် ကွန်ပျူတာဖြင့် ပြုလုပ်ထားသည့် တံဆိပ်တုံး အတုအား
လူတစ်ဦး လျှင် ဘတ်ငွေ ၁၂,၀၀၀ ဖြင့် ရောင်ချခဲ့ပြီး စာအုပ်ပေါင်း ၁၀၀ ကျော် ပြုလုပ်ပေးခဲ့ကြောင်း အယုဒ္ဓယ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ ရဲမှူးကြီးတစ်ဦး ကပြောကြားသည်။
၎င်းသည် အယုဒ္ဓယပြည်နယ်၊ ဘန်ပအင်းမြို့နယ်၊ ဘန်ဆင်သီဝါရပ်ကွက်တွင် နေထိုင်ပြီး အလုပ်သမား များ၏ ခရီးသွားလာရေး နှင့် အလုပ်လျှောက်ထားရာတွင် လိုအပ်သည့်စာရွက်စာတမ်းများအား အစစ်နှင့်ထပ်တူကျအောင်ပြုလုပ်ထားသည့် စာရွက်စာတမ်း ၂၆ စုံကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အယုဒ္ဓယ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ ရဲမှူးကြီးက ဆက်ပြောသည်။
အသက် ၄၂ နှစ်အရွယ် မြန်မာနိုင်ငံသားအား အယုဒ္ဓယ လူဝင်မှုကြီးကြပ်ရေးဌာန၏ တရားဝင် အထောက်အထား စာရွက်စာတမ်းများကို အတုပြုလုပ်ခြင်း၊ ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးတံဆိပ်တုံး အတုပြုလုပ် အသုံးပြုခြင်းများဖြင့် ဥပဒေအရ တရားစွဲ အရေးယူ မည်ဖြစ်ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
Photo – mgr online


