အောက်တိုဘာ ၂၅ ၊ Migrant Times ။
အလုပ်သမားအရေးလှုပ်ရှားသည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးအား စွဲဆိုထားသောအမှုများအနက်မှ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ အရစွဲဆိုသော အမှုအတွက် ခံဝန်ဖြင့် (၆)လနေထိုင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း STUM အဖွဲ့ကထုတ်ပြန်သည်။
ဒေါ်မျိုးမျိုးအေးအား ယမန်နေ့ရုံးချိန်းတွင် ရွှေပြည်သာမြို့နယ် တရားရုံးက ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ ၅(၁)(စ)(ဆ) အရ သိန်း(၃၀)တန် ခံဝန်သူနှစ်ဦးဖြင့် (၆)လအတွင်းကောင်းမွန်စွာ ကျင့်ကြံနေထိုင်စေရန် ခံဝန်ချုပ်ဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက ဒေါ်မျိုးမျိုးအေးကို ၎င်း၏နေအိမ်၌ ပြီးခဲ့သည့် ဇူလိူင်လ ၂၅ ရက်နေ့ညတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ၎င်းနောက် STUM ဝန်ထမ်း ၁ဝ ဦးကို ဇူလိူင်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း ထပ်မံဖမ်းဆီးခဲ့သည်။
STUM ဝန်ထမ်း ၁ ဦးအားစစ်မှုထမ်းခေါ်ဆောင်သွားပြီး အောက်တိုဘာ (၃) ရက်နေ့တွင် ဝန်ထမ်း (၁) ဦး အမိန့်ချခံရကာ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း STUM ကထုတ်ပြန်သည်။
ဒေါ်မျိုးမျိုးအေးအား အောင်တိုဘာလ ၂ဝ ရက်နေ့တွင် နိုင်ငံတော် အမိန့်ဟုဆိုကာ စွဲဆိုထားသော အမှုများအား ရုတ်သိမ်းလိုက်ပြီး အင်းစိန်ထောင်မှ ပြန်လည်လွတ်ပေးခဲ့သည်။ သူမသည် နေအိမ်တွင် ပြန်လည်နေထိုင်ခွင့်ရသော်လည်း ရွှေပြည်သာ မြို့နယ်တရားရုံးကဆင့်ခေါ်သည့်အတွက် ရုံးချိန်းသွားရောက်ခဲ့ရကြောင်း STUM အဖွဲ့တာဝန်ရှိသူကပြောသည်။
STUM အဖွဲ့ဝင် ကျန်(၉)ဦးအတွက် စွဲဆိုထားသော အမှုအား ရုတ်သိမ်းပေးပါရန် လျှောက်ထားလွှာသီးသန့်တင်သွင်းခဲ့ရာ ရုံးတော်မှ လက်ခံခဲ့ပြီး အောက်တိုလာလ ၂၇ ရက်နေ့တွင် ဥပဒေအရာရှိဘက်မှ ကန့်ကွက်လျှောက်လဲချက်တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်မျိုးမျိုးအေးအား အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၀၊၄၁ ဖြင့်စွဲဆိုထားသည့်အမှုအတွက် အာမခံလျှောက် ထားခြင်းအား ရုံးတော်မှ ခွင့်ပြု၊ မပြုကို အောက်တိုလာလ ၂၇ ရက်နေ့တွင် ချိန်းဆိုထားကြောင်း STUM အဖွဲ့ကထုတ်ပြန်သည်။
ဓာတ်ပုံ – STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး
