အောက်တိုဘာ 27, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

မဲဆောက်တွင် စက်ဘီး ဆိုင်ကယ် ခိုးခံရမှု ခပ်စိပ်စိပ်ဖြစ်လာ

🟥အုပ်စုဖွဲ့ပြီး လှုပ်ရှားကြသည့်အတွက် လုံခြုံရေး စိုးရိမ်နေရဟုပြော

အောက်တိုဘာ ၂၂ ၊ Migrant Times ။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ လူနေရပ်ကွက်များတွင် ယခုရက်ပိုင်းအတွင်း စက်ဘီးနှင့် ဆိုင်ကယ်များ ခိုးယူခံရမှုများ ခပ်စိပ်စိပ်ဖြစ်လာကြောင်း မြို့ခံအချို့ကပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့တွင် မဲဆောက်မြို့ MEGA Home ကုန်တိုက် အနောက်ဘက်ရပ်ကွက်တစ်ခုအတွင်း၌ ညပိုင်းအချိန်တွင် နေအိမ်တစ်ခုမှ ဆိုင်ကယ်ခိုးယူခံရသည့် CCTV မှတ်တမ်းတစ်ခု အွန်လိုင်းတွင် ပျံ့နှံ့နေသည်။
၎င်း CCTV မှတ်တမ်းတွင် အမျိုးသားတဦးက နေအိမ်အရှေ့ရှိ ဆိုင်ကယ်ကို ခိုးယူကာ တွန်းထွက်သွားသည်ကိုတွေ့ရသည်။ မဲဆောက်မြို့နေ ထိုင်းလူမျိုးတဦးက လူမှုကွန်ရက်တွင်တင်ထားခြင်းဖြစ်ပြီးမကြာမီရက်ပိုင်းကလည်း ၎င်းရက်ကွက်အတွင်း၌ပင် ဆိုင်ကယ် ၃ စီးခိုးယူခံခဲ့ရသည့်အတွက် ရဲတပ်ဖွဲ့ထံတိုင်ကြားထားကြောင်း ရေးသားထားသည်။

အလားတူ ပြီးခဲ့သည့် လပိုင်းများအတွင်း မယ်ပ၊ ဘတ်ဆန်ကွင်းရပ်ကွက်များတွင် ဆေးသုံးသည့် လူငယ်များက ဆိုင်ကယ်ခိုးယူမှုဖြစ်ပွားခဲ့ပြီး မဲဆောက်ရဲဌာနက စုံစမ်းစစ်ဆေးမှုများ ဆက်လုပ်နေကြောင်း ရပ်ကွက်နေသူတစ်ဦးက Migrant Times ကိုပြောသည်။

“ဟိုတစ်လောက အန်တီတို့နား မြန်မာတစ်ယောက်ဆိုင်ကယ်ပျောက်သေးတယ်။ ဆိုင်ကယ်တော့ ပြန်တော့ရပြီလို့ ကြားတယ်။ ခိုးသွားတဲ့သူကတော့ အခုထိဖမ်းမမိသေးဘူး။ ရဲတွေကတော့ တခါတရံ ကင်းလှည့်နေတာပဲတွေ့တယ်”ဟု သူမကဆိုသည်။
ကိုယ်တိုင် ဆိုင်ကယ်ပျောက်ဆုံးခဲ့သည့် မဲဆောက်မြို့နေ မြန်မာအမျိုးသမီးတစ်ဦးကလည်း ခိုးယူသည့်သူများသည် မဲဆောက်မြို့တွင် အနေကြာသည့် မြန်မာအများစုဖြစ်ပြီး အုပ်စုဖွဲ့ပြီးလှုပ်ရှားကြသည့်အတွက် ထုတ်ဖော် မပြောရဲဘဲ လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း ပြောကြားသည်။

“ ညီမက ဈေးမှာနေတာဆိုတော့ ညနက် ၁နာရီ ၂ နာရီအချိန်က ဈေးထဲမှာ အလုပ်လုပ်နေတဲ့သူတွေရှိနေသေးတယ်၊ အဲဒီချိန်မှာ ကိုယ့်ဆိုင်ကယ်ကို သူခိုးက တွန်းယူသွားတာကို တွေ့တဲ့သူကလည်း မပြောရဲဘူး၊ ကိုယ့်လုံခြုံရေးအတွက် စိတ်ပူရလို့” ဟု ဈေအနီးတွင်နေသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ ရဲကိုတိုင်တော့လည်း ဘာမှ အရေးယူတာတွေလည်း လုပ်ဆောင်ပေးတာမရှိဘူး။ ဖြစ်တဲ့နေ့ကတော့ တစ်နေ့ကုန်လိုက်ပတ်ရှာပေးတယ်။ ဆိုင်ကယ်တွေပျောက်နေတာလည်း သူတို့သိတယ်၊ ခိုးတတ်တဲ့အချိန်ကိုလည်း သူတို့သိတယ်၊ ဒါပေမယ့်သူတို့ဘာလည်းအရေးယူတာတွေမလုပ်ပေးဘူး” ဟုသူမက ဆက်ပြောသည်။

မဲဆောက်မြို့တွင် စက်ဘီး ဆိုင်ကယ် ခိုးခံရမှုများ မကြာခဏ ဖြစ်လာသည့်နောက်တွင် မဲဆောက်မြို့တွင်းရှိအထင်ကရနေရာများ၌ ညနက်ပိုင်းချိန်များတွင် လုံခြုံရေးဂိတ်များချပြီး စစ်ဆေးမှုများရှိနေကြောင်း မြို့ခံများကပြောကြားသည်။

Photo – สุวรรณา อภิวัฒน์ไพบูลย์
အောက်တိုဘာလ ၂၀ ရက်နေ့ ၊ နံနက်အစောပိုင်း CCTV မှတ်တမ်း။