နိုဝင်ဘာ ၁ဝ ၊ Migrant Times ။
ကမ္ဘောဒီးယားနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသည့် နိုင်ငံခြားသား သုံးဦးကို မြန်မာနိုင်ငံသို့ မိုဘိုင်းဖုန်း ဆင်းမ်ကတ် ၁,၀၀၀ ကိုမှောင်ခိုသွင်းရန် ကြိုးပမ်းမှုဖြင့် ထိုင်းနယ်ခြားစောင့်တပ်က နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
ထိုင်းသတင်းဖော်ပြချက်အရ တရုတ်နိုင်ငံသားတစ်ဦး၊ အမေရိကန်နိုင်ငံသားတစ်ဦးနှင့် အိန္ဒိယနိုင်ငံသားတစ်ဦးတို့ဖြစ်ကြပြီး ၎င်းတို့သည် အာရန်ယာပရာသက်ခရိုင်၊ နွန်ခိလက်ကျေးရွာအနီး နယ်စပ်ဖြတ်ကျော်ဂိတ်တစ်ခုတွင် ဖမ်းဆီးခံခဲ့ရသည်။
ထိုင်းနယ်ခြားစောင့်တပ်က အဆိုပါအမျိုးသားသုံးဦးကို စစ်မေးခဲ့ရာ ၎င်းတို့သည် ခရီးသွားလာခွင့် စာရွက်စာတမ်းများမပါဘဲ ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်မြို့မှ ခြေလျင်လျှောက်ကာ နယ်စပ်ဖြတ်ကျော်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ တရုတ်နိုင်ငံသား ၏ ခရီးဆောင်အိတ်ကို ရှာဖွေရာ နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုစင်တာ လိမ်လည်မှုကွန်ရက်နှင့် ဆက်စပ်သည်ဟု ယူဆရသော ဆင်းမ်ကတ် ၁,၀၀၀ ကို တွေ့ရှိခဲ့သည်။
အဆိုပါ တရုတ်အမျိုးသားက ၎င်းသည် ပွိုင်ပက်မြို့မှ ဆင်းမ်ကတ်များကို မှောင်ခိုသွင်းခဲ့ကြောင်း ဝန်ခံခဲ့ပြီး လိမ်လည်မှုလုပ်ငန်းများ၏ ဗဟိုချက်အဖြစ် လူသိများသည့် မြန်မာနိုင်ငံ၊ မြဝတီမြို့ဘက်ရှိ တရုတ်သူဌေးတစ်ဦးအတွက် ကတ်များကို သယ်ယူပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသားက ၎င်းသည် ၎င်း၏ပင်စင်လစာပေးချေမှုများနှင့်ပတ်သက်၍ အမေရိကန်သံရုံးနှင့် ဆက်သွယ်ရန် ဘန်ကောက်သို့ ရောက်ရှိရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသားကမူ ၎င်းသည် နေရပ်မပြန်မီ ဘန်ကောက်တွင် ကုန်ပစ္စည်းများ ဝယ်ယူရန် ရည်ရွယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
၎င်းအမျိုးသား ၃ ဦးစလုံးက ကမ္ဘောဒီးယားမှ ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်နိုင်ရန်အတွက် မှောင်ခိုသမားများကို ငွေပေးခဲ့ကြောင်း နယ်စပ်တပ်ဖွဲ့ထံ ဝန်ခံခဲ့ကြသည်။
အမျိုးသားသုံးဦးနှင့် သိမ်းဆည်းရမိသော ဆင်းမ်ကတ်များကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် ခလောင်နမ်ဆိုင်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
Photo – MGR
