နိုဝင်ဘာ ၁၁ ၊ Migrant Times ။
ထိုင်းနိုင်ငံတွင်းရှိ မြန်မာ၊ လာအို ၊ ဗီယက်နမ်နိုင်ငံသား အလုပ်သမားများအား သက်တမ်းတိုးပေးရန် အရှိန်မြှင့်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနဝန်ကြီး မစ္စထရီနွတ်ချ် ထီယန်ထောင်း ကပြောကြားသည်။
ယနေ့ (နိုဝင်ဘာလ ၁၁ ရက်)အစိုးရအိမ်တော်၌ မစ္စထရီနွတ်ချ်က သတင်းထောက်များ၏ မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
အစားထိုးလုပ်သားရှာဖွေရေးကို အစိုးရအဖွဲ့ထံ တင်ပြရန် စီစဉ်နေပြီး သက်တမ်းလွန် ကမ္ဘောဒီးယားလုပ်သားများကို နိုင်ငံမှ မနှင်ထုတ်မီ လုံခြုံရေးအေဂျင်စီများနှင့် ဆွေးနွေးရမည်ဖြစ်ကြောင်း သူမကဆက်လက်ပြောကြားသည်။
ယမန်နေ့ နံနက်တွင် ထိုင်း- ကမ္ဘောဒီးယားနယ်စပ်၌ ထိုင်းစစ်သားတစ်ဦး မိုင်းနင်းမိပြီး ခြေပြတ်ခဲ့သည့် ဖြစ်ရပ်အပြီးတွင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းကုန်ဆုံးနေသည့် ကမ္ဘောဒီးယား အလုပ်သမားများ ဆက်လက်နေထိုင်ခွင့်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရကူလ် မဲဆောက်မြို့တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
အလုပ်သမားဝန်ကြီးဌာနဝန်ကြီး မစ္စထရီနွတ်ချ်က လက်ရှိတွင် ကမ္ဘောဒီးယားလုပ်သားများသည် စိုက်ပျိုးရေးကဏ္ဍတွင် အများဆုံးလုပ်ကိုင်နေပြီး ၎င်းလုပ်သားများထွက်ခွာသွားပါက အကျိုးသက်ရောက်မှုအချို့ ရှိနိုင်ကြောင်း ပြောကြားသည်။
ထိုင်းနိုင်ငံသည် အလုပ်သမားလိုအပ်ချက်ကို မြန်မာ၊ လာအိုနှင့် ဗီယက်နမ်တို့မှ လုပ်သားများကို အစားထိုးရန် ကြိုးပမ်းနေကြောင်း၊ ယနေ့ အစိုးရအဖွဲ့ အစည်းအဝေးတွင် ထိုသို့အစားထိုးရန် လမ်းညွှန်ချက်ကို တင်ပြအတည်ပြုသွားမည်ဖြစ်ကြောင်း မစ္စထရီနွတ်ချ်က ဆိုသည်။
လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် မြန်မာ၊ ဗီယက်နမ်နှင့်လာအို နိုင်ငံသား လုပ်သားများ၏ အလုပ်လုပ်ခွင့် သက်တမ်းများကို အလျင်အမြန် တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သူမက ထိုင်းမီဒီယာများသို့ ယနေ့ အတည်ပြုပြောကြားသည်။
အလုပ်သမားဝန်ကြီးဌာနစာရင်းအရ ထိုင်းနိုင်ငံရှိ ကမ္ဘောဒီးယားလုပ်သား စုစုပေါင်းအရေအတွက်မှာ ၁ဝဝ,ဝဝဝ နီးပါးရှိပြီး ထိုအထဲမှ ၉ဝ,ဝဝဝ ခန့်မှာ တရားဝင်ဖြစ်သော်လည်း နေထိုင်လုပ်ကိုင်ခွင့်သက်တမ်းကုန်နေပြီ ဖြစ်သည်။ ထို့အပြင် နယ်စပ်ဂိတ်များပိတ်ထားခြင်းကြောင့် ကမ္ဘောဒီးယားလုပ်သားများသည် ၎င်းတို့၏ နိုင်ငံသို့ ပြန်နိုင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံတွင် ဆက်လက်ရှိနေသည်။
ထိုင်းနိုင်ငံတွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ ၊ နေထိုင်ခွင့်ကုန်ဆုံးနေသူများကို ဘတ်ခေါ် နေထိုင်လုပ်ကိုင်ခွင့် (Work Permit) ပန်းရောင်ကတ် လုပ်ပေးသည့်လုပ်ငန်းစဉ်ကို ယခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့၌ စတင်ဆောင်ရွက်မည်ဟု အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပြီး နောက်တရက်တွင် ထိုင်းနယ်စပ် အခြေအနေ မတည်ငြိမ်မှုကြောင့်ဟုဆိုကာ ယာယီရပ်ဆိုင်းခဲ့သည်။
၎င်းနောက် အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၇ ရက်နေ့၌ ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် အထောက်အထားရှိသော်လည်း သက်တမ်းကုန်ဆုံးသွားသော မြန်မာ၊ လာအို၊ ၊ ဗီယက်နမ် နိုင်ငံသား အလုပ်သမားများအား အလုပ်လုပ်ရန်အတွက် ၁ နှစ်တာကာလ ယာယီနေထိုင်ခွင့်ပြုရန် ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း အစိုးရအဖွဲ့၏ အတည်ပြုချက်ရရှိရန် အမြန်ဆုံး တင်ပြသွားမည်ဖြစ်ကြောင်း၊အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို အတည်ပြုပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့မှ တရားဝင် အမိန့်ကြေညာချက်များ ထုတ်ပြန်ပြီးမှသာ သက်တမ်းတိုးခွင့် ရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ထိုင်းရှိ မြန်မာအလုပ်သမားများ (ပုံဟောင်း) ။
