နိုဝင်ဘာ 11, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ကမ္ဘောဒီးယားအလုပ်သမား ၁ သိန်းခန့် ဆက်လက်နေထိုင်ခွင့် ထိုင်းတင်းကြပ်မည်

နိုဝင်ဘာ ၁ဝ ၊ Migrant Times ။

ထိုင်းနိုင်ငံတွင်းတွင် အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းကုန်ဆုံးနေသည့် ကမ္ဘောဒီးယား အလုပ်သမားများ ဆက်လက်နေထိုင်ခွင့်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရကူလ် (Anutin Charnvirakul)ကပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်က ယနေ့ မဲဆောက်မြို့တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ်ပြောခြင်းဖြစ်ကြောင်း ထိုင်း ရီပိုတာသတင်းကဖော်ပြသည်။

ယခင်ဝန်ကြီးချုပ် ‘ဖူမ်ထမ်’ လက်ထက် ပြည်ထဲရေးဝန်ကြီးဌာန၏ သက်တမ်းကုန်ဆုံးသွားသော ကမ္ဘောဒီးယားအလုပ်သမားများ ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ခွင့်ပြုသည့် ကြေညာချက်ကိုလည်း ထိုင်းဝန်ကြီးချုပ် အနုထင်ကပယ်ချလိုက်သည်။ အနုထင်ကအဆိုပါ ဆုံးဖြတ်ချက်ကို သေချာစွာ ပြန်လည်သုံးသပ်ရန် ပြင်ဆင်နေကြောင်း အလေးပေး ပြောကြားခဲ့သည်။

အနုထင်သည် သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သော အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကမ္ဘောဒီးယားနိုင်ငံသား နိုင်ငံခြားသားများအား ထိုင်းနိုင်ငံတော်အတွင်း အထူးကိစ္စအဖြစ် နေထိုင်ခွင့်ပြုရန် ပြည်ထဲရေးဝန်ကြီးဌာန၏ မူကြမ်းကြေညာချက် လက်မှတ်ရေးထိုးခြင်းကို ရပ်ဆိုင်းထားရန် အမိန့်ပေးခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး အထွေထွေအတွင်းရေးမှူး မစ္စ ထရိုင်ဆူလီ ထရိုင်ဆာနာကွန် ကလည်း ပြောကြားသည်။

စာရင်းများအရ ထိုင်းတွင်ယခုနှစ် ဖေဖော်ဝါရီလမှစ၍ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးသွားသည့် ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားပေါင်း ၁ သိန်းနီးပါး ရှိနေပြီး ၎င်းတို့၏ ကိုယ်ရေးအချက်အလက်နှင့် နေရပ်လိပ်စာကို ရှင်းရှင်းလင်းလင်း အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ထိုင်းသတင်းက ဖော်ပြသည်။

ကမ္ဘောဒီးယားအလုပ်သမားများအား စစ်ဆေးမှု မရှိဘဲ ဆက်လက်နေထိုင်ခွင့်ပြုပါက လုံခြုံရေးအပေါ် အကျိုးသက်ရောက်မှုများအပြင် တရားမဝင် ဝင်ရောက်မှု နှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ ဖြစ်ပွားလာနိုင်ကြောင်း ဖော်ပြသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သော အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်တွင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးသွားသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ် နိုင်ငံသား အလုပ်သမားများအား လုပ်သားရှားပါးမှု ပြဿနာကို လျှော့ချရန်အတွက် ၁ နှစ်တာ ကာလ အလုပ်ဆက်လက်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့်အား ယာယီဖြေလျှော့ တိုးပေးရန် ချမှတ်ထားသည်။

ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တွင် ယနေ့နံနက်၌ ထိုင်းစစ်သား ၁ ဦး မိုင်းနင်းမိရာမှ ခြေထောက်ထိခိုက်ခဲ့ပြီး ထိုင်းနှင့် ကမ္ဘောဒီးယား ငြိမ်းချမ်းရေးသဘောတူညီချက်ကို ယာယီဆိုင်းငံမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင်က ပြောကြားထားသည်။

ဓာတ်ပုံ – ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရကူလ် (Anutin Charnvirakul)။
Photo – The Reporter