နိုဝင်ဘာ 21, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

တရက်တာ ရွှေ့ပြောင်းရေးရာ သတင်း

နိုဝင်ဘာ ၁၂ ၊ Migrant Times ။

– ထိုင်းနိုင်ငံ ၊ချွန်ပူလီခရိုင် ၊ဘော်ထောင်းမြို့ရှိ မီးကြိုးစက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၅၁ ဦးအား ယခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင်စက်ရုံမှ အလုပ်ဖြုတ်ခဲ့ပြီး ၎င်းတို့ ၏ အလုပ်ဖြုတ်ခ နစ်နာကြေး ဘတ် ၁ သန်းကျော်(၁,၀၂ဝ,ဝဝဝ)ကို ယနေ့တွင် ပြန်လည် ရရှိခဲ့ကြောင်း ကူညီခဲ့သည့် WAG အဖွဲ့ကထုတ်ပြန်သည်။

– ထိုင်းနိုင်ငံ ၊ ပက်ချဘူရီပြည်နယ်(Phetchaburi)၊ သာယန်းမြို့နယ်(Tha Yang)၊ ဖစ်ကစမ်လမ်းမကြီးရှိ လမ်းလယ်ကျွန်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား အလုပ်သမား ၈ ဦးအား အထောက်အထားမရှိသည့်အတွက် ထိုင်းအုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့များက နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေတွင် ဖမ်းဆီးခဲ့ကြောင်း သာယန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

– ထိုင်းနိုင်ငံ ၊ ရနောင်းမြို့နယ်တွင် ယမန်နေ့ ၊နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက်ပိုင်း၌ တရားမဝင် ဝင်ရောက်နေထိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးအား ဖမ်းဆီးခဲ့ကြောင်း ရေကြောင်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

– ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်တွင် အွန်လိုင်း လိမ်လည်မှုများပြုလုပ်ခဲ့သည့် ဂိုဏ်းခေါင်းဆောင် မစ္စတာ ရှီကျီကျန်း (She Zhijiang)အား တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံဘက်မှ ယနေ့လွှဲပြောင်းပို့ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကလည်း ထုတ်ပြန်သည်။

– ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊Nong Chok မြို့နယ်တွင် မြန်မာအမျိုးသမီးအလုပ်သမား တဦးအား သေနတ်ဖြင့် ခြိမ်းခြောက် အဓမ္မပြုကျင့်သူကို ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း ထိုင်း သတင်းကဖော်ပြသည်။