နိုဝင်ဘာ 20, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

“ တရက်တာ ရွှေ့ပြောင်းရေးရာ သတင်း”

နိုဝင်ဘာ ၁၉ ၊ Migrant Times ။

– ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ ကရင်၊ မွန်၊ ရှမ်း၊ ရခိုင်နှင့် ဗမာ အပါအဝင် မြန်မာဒုက္ခသည် ရာနှင့်ချီသည် ချန်ထဘူရီရှိ လုံငန်သီး(သကြားသီး) ခြံများတွင် တရားဝင်အလုပ်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။ ယခုအစီအစဉ်သည် နယ်စပ်တွင်ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ကမ္ဘောဒီးယားအလုပ်သမားများ ထိုင်းနိုင်ငံမှ ထွက်ခွာသွားရာမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ထိုင်းအစိုးရက နယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် နေထိုင်သည့် မြန်မာဒုက္ခသည် ၄၀,၀၀၀ ကျော်အား အလုပ်လုပ်ခွင့်ပါမစ်များ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။

– ကရင်ပြည်နယ်၊မြ၀တီမြို့နယ်ရှိ KK Park အွန်လိုင်းလိမ်လည်မှုစခန်းမှ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ထွက်ပြေးလာသည့်နိုင်ငံခြားသား ၃၉ ဦးကို ရာ့ချ်မာနူ အထူးအဖွဲ့က ယနေ့တွင်ဖမ်းဆီးခဲ့ကြောင်း ထိုင်းရီပိုတာသတင်းကဖော်ပြသည်။ ဖမ်းဆီးရမိသူ စုစုပေါင်း ၃၉ ဦးသည် ပါကစ္စတန်၊ အိန္ဒိယ ၊ နီပေါ ၊ ယူဂန်ဒါး ၊ တောင်ဆူဒန်၊ ကင်ညာ၊ အီဂျစ် ၊ ဗီယက်နမ် ၊ကာဇက်စတန် ၊ဘူရွန်ဒီနှင့် ရဝမ်ဒါနိုင်ငံတို့မှ ဖြစ်ကြောင်းသိရသည်။

– ထိုင်းနိုင်ငံ ၊ စမူပကန်မြို့ရှိ အလုပ်ရုံတစ်ခုတွင် အလုပ်ဖြုတ်ခံရသော မြန်မာအလုပ်သမား၂ဝ၂ ဦး၏လုပ်အားခများပြန်လည်ရရှိခဲ့သော်လည်း သက်တမ်းတိုးထားသည့် အထောက်အထား စာရွက်စာတမ်းများမရသေးကြောင်း ကူညီပေးနေသည့် WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။

– ထိုင်းနိုင်ငံ ၊ လယောင်မြို့ရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုမှ မြန်မာအလုပ်သမား ၂၇ ဦးသည် လုပ်ခများ မရသည့်အပြင် အလုပ်ထုတ်ခံခဲ့ရသည့်အတွက် ယမန်နေ့(နိုဝင်ဘာလ ၁၈ ရက်)တွင် မြန်မာလုပ်သားများနှင့်အတူ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၌ ချိုးဖောက်ခံရသည့် အခွင့်အရေးများ ပြန်လည်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း MHAC အဖွဲ့ အမှုနှင့် ပြန်ကြားရေးတာဝန်ခံ ဇင် က Migrant Times ကိုပြောသည်။

– ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊ မယ်ရမတ်မြို့နယ်တွင် ယမန်နေ့(နိုဝင်ဘာ ၁၈ ရက်)ည ၁၁ နာရီခွဲခန့်တွင် နယ်စပ်တောလမ်းမှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၆ ဦးအား နယ်ခြားစောင့်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းထောက်တဦးမှသိရသည်။ ၎င်းတို့သည် အယုဒ္ဓယ၊ ဘန်ကောက်နှင့် ချွန်ဘူရီ တို့တွင် အလုပ်လုပ်ရန်လာရောက်ကြခြင်းဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၈,၀၀၀ မှ ဘတ်၂၀,၀၀၀ အထိ ပေးခဲ့ရကြောင်းသိရသည်။