အောက်တိုဘာ ၆ ၊ Migrant Times ။
ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်၊ စံခလဘူရီမြို့နယ်တွင် ကားတစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁ဝ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)ကထုတ်ပြန်သည်။
CIB အဆိုအရ အောက်တိုဘာလ ၄ ရက်နေ့ ည ၉ နာရီခန့်တွင် စံခလဘူရီမြို့နယ် အဝေးပြေးလမ်းမ ၃၄၅၅ (Highway 3455) ပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်နေသည့် သံသယဖြစ်ဖွယ် ကားတစ်စီးကို တွေ့ရှိခဲ့သည်။ စစ်ဆေးရန် တားဆီးခဲ့သော်လည်း အဆိုပါကားသည် မောင်းပြေးရာ လမ်းဘေးသို့ ထိုးကျသွားခဲ့သည်။
ကားအတွင်းတွင် ထွက်ပြေးရန် ကြိုးစားနေသည့် ထိုင်းလူမျိုးယာဉ်မောင်း ၁ ဦးနှင့် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁ဝ ဦး စုစုပေါင်း ၁၁ ဦးအား တွေ့ရှိခဲ့သည်။
ထိုင်းယာဉ်မောင်းထွက်ဆိုချက်အရ မြန်မာ ၁ဝ ဦးအား သယ်ယူပို့ဆောင်ခ တစ်ဦးလျှင် ဘတ် ၂၅၀၀ ဖြင့် ဘတ် ၂၅,၀၀၀ အား ပို့ဆောင်ရမည့် နေရာအရောက်တွင် ရရှိမည်ဖြစ်ကြောင်းသိရသည်။ ထိုင်းယာဉ်မောင်းနှင့် မြန်မာနိုင်ငံသား ၁ဝ ဦးအား ဥပဒေအရ အရေးယူရန် ကန်ချနဘူရီရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း CIB ကထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ၊ စံခလဘူရီမြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၉ ဦးနှင့် မြန်မာယာဉ်မောင်း အမျိုးသမီး ၁ ဦးအား ကားတစ်စီးနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ထိုင်းသတင်းများ ဖော်ပြချက်အရ စက်တင်ဘာလအတွင်းတွင် ထိုင်းနိုင်ငံသို့ နယ်စပ်များမှတရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁,ဝဝဝ ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။
Photo – CIB