အောက်တိုဘာ ၆ ၊ Migrant Times ။
မြန်မာနယ်စပ် မြ၀တီမြို့နယ်ဘက်ခြမ်း ကာစီနိုတစ်ခုမှ ထိုင်းနိုင်ငံသား ၁၆ ဦး (အမျိုးသား ၁ဝ ဦးနှင့် အမျိုးသမီး ၆ ဦး)အား ထိုင်းအထူးတပ်ဖွဲ့များက အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
တပ်ခ် (Tak) ခရိုင်ရှိ တော်ဝင်ထိုင်းစစ်တပ် အထူးတပ်ဖွဲ့နှင့် လုံခြုံရေးအရာရှိများသည် ယမန်နေ့အောက်တိုဘာလ ၅ ရက်နေ့၊ ညနေ ၆ နာရီခွဲတွင် ကယ်တင်ခဲ့ကြောင်းဖော်ပြသည်။
ထိုင်းနိုင်ငံသား ၁၆ ဦးသည် ယခုနှစ် စက်တင်ဘာလအတွင်း ထိုင်းနယ်စပ်တစ်လျှောက်ရှိ တရုတ်လူမျိုးများ လည်ပတ်သော စီးပွားရေးဇုန်များရှိ ကာစီနိုများတွင် အလုပ်အကိုင်ရမည်ဟု ဆိုရှယ်မီဒီယာကြော်ငြာများဖြင့် သွေးဆောင်ခြင်းခံရပြီးနောက် မြန်မာနိုင်ငံသို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်သွားကြသူများဖြစ်သည်။
၎င်းတို့ ရောက်ရှိလာသောအခါတွင် လုပ်ငန်းခွင်အခြေအနေများသည် ကြော်ငြာထားသည်နှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိခဲ့ပြီး ထိုင်းအာဏာပိုင်များကို ဆက်သွယ်ခဲ့ကြကြောင်း၊ထို့နောက် ထိုင်းအထူးတပ်ဖွဲ့များက ကယ်ဆယ်နိုင်ခဲ့ပြီး လက်ရှိတွင် ထိုင်းနိုင်ငံသား ၁၆ ဦးအား တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရ ဆောင်ရွက်ရန် သက်ဆိုင်ရာများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Photo – Khaosod