အောက်တိုဘာ 11, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ထိုင်းမှာ မြန်မာအလုပ်သမား ၄ ဦး လုပ်ငန်းခွင့် ထိခိုက်မှုကြောင့် ခြေလက်အင်္ဂါ အချို့ဆုံးရှုံး

အောက်တိုဘာ ၇ ၊ Migrant Times။
ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမား ၄ ဦးသည် လုပ်ငန်းခွင့် ထိခိုက်မှုကြောင့် ခြေလက်အင်္ဂါ အချို့ဆုံးရှုံးခဲ့ကြောင်း ၎င်းတို့အား အကူအညီပေးနေသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်း‌ဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။
ချွန်ပူလီခရိုင် ၊လယောင်မြို့ရှိ ကားတာယာစက်ရုံတစ်ခုတွင် အလုပ်လုပ်နေသော ကိုအောင်ကိုဝင်းသည်ဧပြီလ ၇ ရက်တွင် အလုပ်ရုံ၌ တာယာကြိတ်သည့်စက်နှင့် အင်္ကျီစငြိမိရာမှ ဘယ်ဘက်လက်စက်ထဲသို့ကြိတ်မိကာ ဆေးရုံတွင် လက်ကောက်ဝတ်အထိ ဖြတ်ပစ်ခဲ့ရသည်။
ဆေးရုံဆင်းပြီးနောက် အလုပ်နားနေသည့်အချိန်တွင် စက်ရုံဘက်မှထောက်ပံ့ကြေး ပေးခြင်း မရှိခြင်းကြောင့် နစ်နာ‌‌ကြေးရရှိရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ကဆောင်ရွက်ပေးနေသည်။
အလားတူ ဆုန်ခလာခရိုင်၊စဒေါင်မြို့၊ဖန်လားကျေးရွာရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ကိုကျော်မိုးလှိုင်သည် မတ်လ ၉ ရက်နေ့တွင် ကရိန်းကြိုးနှင့် ဓါတ်ကြိုးထိကာ ဓါတ်လိုက်ခဲ့ပြီး ဆေးရုံတွင် ခြေသလုံး အလယ်မှ ဖြတ်ခဲ့ရသည်။
ထို့ပြင် စမူပကန်ခရိုင်၊ ဘန်ဖိနွယ်မြို့ရှိ မှန်စက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ကိုကျော်ခိုင်သည် ဇန်နဝါရီ ၉ ရက်နေ့တွင် လုပ်ငန်းခွင်ထိခိုက်မှုဖြစ်၍ ညာဘက်လက်ချောင်းတစ်ချို့ ဆုံးရှုံးခဲ့သည်။
ထိုင်းနိုင်ငံ ၊ချွန်ပူလီမြို့ရှိဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသောမြန်မာ အလုပ်သမား ကိုစိန်လင်းသည် လည်း ဇူလိုင် ၁၆ ရက်နေ့တွင် သံမူလီလိုင်းဖော်သည့် စက်ထဲသို့ အင်္ကျီစ ဝင်သွားခဲ့ပြီး ဆေးရုံတွင် ဘယ်ဘက်လက် တံတောင်ဆစ်အောက်ခြေအထိ ဖြတ်ပစ်ခဲ့ရသည်။
ထိုမြန်မာအလုပ်သမား ၄ ဦး၏ ခြေလက်အင်္ဂါ အချို့ဆုံးရှုံးခဲ့မှုအတွက် နစ်နာကြေးရရန် ကူညီဆောင်ရွက်ပေးနေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ကပြောသည်။
“ကိုအောင်ကိုဝင်းအတွက်ဆိုရင် ၃ ရက်နေ့က ကျွန်တော်တို့ မြို့နယ် ပကန်စခွန်ရုံးမှာ သူအတွက်သွားတိုင်ကြားထားတယ်။ ကျွန်တော်တို့က ပကန်စခွန်မှာသွားတင်ပေးထားပါတယ်။ ကိုကျော်မိုးလှိုင်အတွက်ဆိုရင် မြို့နယ် ပကန်စခွန်နဲ့ချိတ်နေတယ်၊ လက်ရှိအဲ့ကိုသွားပေးဖို့တော့ ဆောင်ရွက်နေပါတယ်” ဟု ကိုမုန်တိုင်းက ပြောသည်။
“ ကိုကျော်ခိုင်အတွက်ဆိုရင် မြို့နယ် ပကန်စခွန်ရုံးရယ် ကျွန်တော်တို့ WAG ရယ်သွားရောက်တိုင်ကြားပြီးတော့ သူရဲ့ထိုင်သင့်တဲ့ လျော်ကြေးရရှိသွားပြီ။ ကိုစိန်လင်းအတွက်ဆိုရင် သူဌေးက ဘတ်သုံးသောင်းပေးပြီး မြန်မာနိုင်ငံပြန်ပို့ဖို့လုပ်တာကြောင့် သူအနေနဲ့အကူညီတောင်းလာတာကြောင့် မနေ့က ညနေမှာ မြို့နယ် ကျဟာငန်းမှာ သွားတိုင်ထားတယ်”ဟု ၎င်းကဆက်ပြောသည်။
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ပါက ကျွမ်းကျင်သည့် စကားပြန်များရှာရန်လိုအပ်ပြီး အလုပ်သမားရေးကူညီဆောင်ရွက်နေသည့် အဖွဲ့များကို တိုင်ကြားရန်လိုအပ်ကြောင်း၊ ၎င်းအဖွဲ့စည်းများ၏ ညွှန်ကြားသည့် အတိုင်းဆောင်ရွက်ရန်လိုပြီး လက်မှတ်ထိုးခိုင်းတိုင်း မထိုးကြရန်လိုကြောင်း WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက သတိပေးပြောကြားသည်။
Photo – WAG