အောက်တိုဘာ ၉ ၊ Migrant Times ။
ရန်ကုန်တိုင်း ၊ အင်းစိန်မြို့နယ်တွင် အမျိုးသမီးတဦးသည် မြန်မာအလုပ်သမား ၇၂ ဦးကို စင်ကာပူနိုင်ငံသို့ ပို့ပေးမည်ဟုဆိုကာ ကျပ်သိန်း ၁၂,ဝဝဝ ခန့်လိမ်လည်ပြီး ထွက်ပြေး တိန်းရှောင်နေကြောင်း ကိုယ်တိုင် ငွေကြေးအလိမ်ခံခဲ့ရသည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
၎င်းအမျိုးသမီးသည် အင်းစိန်မြို့နယ်တွင် Original Oversea Employment အမည်ဖြင့် ကုမ္ပဏီဖွင့်လှစ်ခဲ့ပြီး ယခုနှစ် မတ်လမှစကာ ပြည်တွင်းရှိ မြန်မာအလုပ်သမားများအား စင်္ကာပူတွင် အလုပ်လုပ်ရန်ခေါ်ဆောင်ခဲ့သည်။ စင်္ကာပူတွင် အလုပ်လုပ်ရန် တစ်ဦးလျှင် ကုမ္ပဏီတိုက်ရိုက် ဆိုပါက
စင်္ကာပူ ဒေါ် လာ ၅,၀၀၀ နှင့် ပွဲစားမှ တစ်ဆင့် ချိတ်ဆက်ပါက စင်္ကာပူ ဒေါ် လာ ၆,၃၀၀ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်းနစ်နာခဲ့သူ အမျိုးသမီးကပြောသည်။
ထိုအမျိုးသမီးသည် စက်တင်ဘာ ၂၇ ရက်နေ့တွင် ထွက်ပြေးတိမ်ရှောင်သွားပြီး အင်းစိန်မြို့နယ် တောင်သူကုန်းရှိ ရုံးခန်းမှာလည်း ငှားရမ်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ သူဌားထားတဲ့ ၃ ထပ်ဆောင်ကိုစုံစမ်းကြည့်တော့ ၆ လစာချုပ်နဲ့ဌားထားတာတဲ့……အဲ့ဒီ ၃ ထပ်တိုက်စာချုပ်ပြည့်တဲ့နေ့ အဲ့ဒိမိန်းမ ထွက်ပြေးတဲ့နေပဲလို့ ….အခုပြေးတဲ့အချိန် အဲ့ဒီအိမ်စာချုပ်ပြည့်တဲ့အချိန်နဲ့အတိအကျပါပဲ” ဟုဖြစ်စဉ်သိရှိသည့် AM Marine Shipping Co. Ltd ကလည်းလူမူကွန်ရက်တွင်ရေးသားသည်။ ၎င်းရေးသားချက်နှင့်ပတ်သက်ပြီး AM Marine ကုမ္ပဏီကို Migrant Times ကဆက်သွယ်မေးမြန်းခဲ့ပြီး ယခုထက်ပိုမိုသိရှိခြင်းမရှိကြောင်း ပြန်လည်ဖြေကြားသည်။
ငွေကြေးပေးသွင်းခဲ့သည့် အလုပ်သမား ၇၂ ဦးအနက် ၁၀ ဦးခန့်သာ စင်္ကာပူသို့ ရောက်ရှိခဲ့ပြီး ကျန်ရှိနေသည့် အလုပ်သမား ၆၀ ခန့်အား ထိုင်းနိုင်ငံသို့ပို့ရန် စီစဉ်နေကြောင်း လက်ရှိထိုင်းတွင်နေထိုင်နေသည့် နစ်နာခဲ့သူ မြန်မာအမျိုးသမီးတစ်ဦးက ပြောကြားသည်။
သူမသည် စင်္ကာပူတွင်အလုပ်လုပ်ရန် စင်္ကာပူဒေါ်လာ ၆,၃၀၀ ကိုအပြီးပေးချေခဲ့ရပြီး အလုပ်သွားရောက်လုပ်ကိုင်ခဲ့ရကြောင်း ၊ မူလကပြောထားသည့် အလုပ်နှင့်ကွဲလွဲသည့်အတွက် အလုပ်ထွက်ပြီး ထိုင်းတွင်ရောက်ရှိနေကြောင်း ပြောကြားသည်။
“ညီမပြောထားတဲ့အလုပ်က ရုံးပိုင်းအလုပ် ဟိုရောက်တော့ အနှိပ်ခန်းမှာလုပ်ရတယ်။ ညီမလဲမလုပ်နိုင်လို့ အလုပ်ထွက်လာလိုက်တယ်။ ထွက်လာပြီး စင်္ကာပူဘက်က အေဂျင့်က ပိုက်ဆံပြန်ပေးတယ်။ ညီမလဲ ရတဲ့ပိုက်ဆံ အကုန်လုံး မြန်မာနိုင်ငံက ကုမ္ပဏီကိုပြန်ပေးလိုက်တယ်။ ပြီးတော့ အလုပ်ထွက်ပြီးတဲ့နေ့ပဲ ပြန်လာလိုက်တယ်။ ထိုင်းက ညီမ အမရှိတဲ့ဆီကို သူတို့ဆီက ခွင့်ပြုချက်တောင်းပြီးသွားနေတယ်”ဟုဆိုသည်။
သူမအား အလုပ်ပြန်သွင်းပေးမည်ဟု မြန်မာကုမ္ပဏီဘက်ကပြောဆိုခဲ့သော်လည်း လက်ရှိချိန်ထိ စင်္ကာပူတွင်အလုပ်ပြန်မရဘဲ ငွေများပြန်ပေးခြင်းမရှိကြောင်း၊ Reject Letter အတုအား စင်္ကာပူကုမ္ပဏီဘက်မှပေးပို့သည်ဟုဆိုကာ ပို့ပေးခဲ့ကြောင်း ဆက်ပြောသည်။
“လက်ရှိမှာ ပိုက်ဆံတွေပြန်ရရင် အကြွေးတွေဆပ်ချင်တယ်။ အဲ့ကိစ္စက ညီမနဲ့ ပထမဆုံးပြဿနာတက်တာ။ သူဘက်လဲ နင်တို့လုပ်ချင်ရာလုပ်လို့ပြောထားတယ်။ လက်ရှိတော့ ဘာမှမမျှော်မှန်းထားဘူး နိုင်ငံခြားထွက်ဖို့လဲ ပိုက်ဆံက လုံလုံလောက်လောက်မရှိတော့ဘူး” ဟု နစ်နာသူ အမျိုးသမီးက Migrant Times ကိုပြောသည်။
ငွေကြေးလိမ်လည်ခဲ့သူ အမျိုးသမီးအား နစ်နာသူများက အင်းစိန်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
Photo – Peninsula Plaza တွင်တွေ့ရသည့် မြန်မာအလုပ်သမားများ။ (ပုံဟောင်း – Focaalblog)
Website https://www.migranttimes.com/
Telegram https://t.me/migranttimes